စပါးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုနသန်ဝုဒ်ဂိတ်ကတော့ သူရဲ့ဂျူနီယာကစားသမားဖြစ်တဲ့ စပါးတိုက်စစ်ကစားသမား ဟယ်ရီကိန်းအနေနဲ့ လက်ရှိဘောလုံးလောကရဲ့ အကျော်အမော်တွေဖြစ်သော လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို အဆင့်အတန်းမျိုးကို ရောက်ရှိလာနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ ကမ်းလှမ်းမှုရလာခဲ့မယ်ဆိုရင် အသင်းပြောင်းဖို့ကို ဆုံးဖြတ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ၂၀၀၄ခုနှစ်ကနေစတင်ပြီး စပါးလူငယ်အသင်းကနေ စတင်ကစားခွင့်ရခဲ့သလို ၂၀၀၉ခုနှစ်ကနေစတင်ကာ စပါးစီနီယာအသင်းအတွက် ကစားခဲ့ရတာ လက်ရှိအချိန်ထိဖြစ်သလို အသင်းအတွက်ကိုလည်း အထူးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ကိန်းဟာ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်သေးသလို ကစားသမားဘဝကိုလည်း နောက်တစ်ဆင့်တတ်ဖို့လည်း မလွယ်ကူသေးတဲ့အတွက် ရီးရဲလ်လို အသင်းကြီးတွေမျိုးတွေရဲ့ ကမ်းလှမ်းမှုကို ရလာမယ်ဆိုရင်လည်း လက်ခံသင့်တယ်လို့ ဝုဒ်ဂိတ်က အကြံပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

ဝုဒ်ဂိတ်က “တကယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဟယ်ရီကိန်းအနေနဲ့ အသင်းပြောင်းရွှေ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုဖလားအောင်မြင်မှုတွေကို အလိုရှိမယ်ဆိုရင် သူရဲ့ကစားသမားဘဝကိုလည်း မက်ဆီ ရော်နယ်ဒိုတို့လို ကစားသမားတွေအဆင့်လောက်အထိ မြင့်တတ်သွားစေချင်တယ်ဆိုရင် ဒီအသင်းဆီကို ပြောင်းရွှေ့ဖို့ လိုအပ်ပါမယ်။ ကျွန်တော်ကတော့ ကိန်းကို စပါးအသင်းနဲ့အတူ အမှတ်ပေးဆုဖလား ရယူနိုင်လိမ့်မယ်လို့ မထင်မိဘူး။ ဒီနှစ်ဘောလုံးရာသီမှာရော နောက်နှစ်တွေမှာလည်း မရနိုင်ဘူးလို့ ထင်မိတယ်။ သူတို့က မန်စီးတီး လီဗာပူးလ်အသင်းတို့ကို လိုက်မီနိုင်ဖို့အတွက်ကိုပဲ ဒီရာသီမှာ ကြီးမားတဲ့ ပြုပြင်မှုတွေကို စတင်လုပ်ဆောင်နေတာပါ။ ကိန်းသာ ဥရောပချန်ပီယံလိဂ်လို ဆုဖလားမျိုးကို ရယူချင်တယ်ဆိုရင်တော့ သူ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးမှာ ပါဝင်ကစားမှသာ ဒီအခွင့်အရေးကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ပြိုင်ပွဲစုံ(၃၁၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း(၂၀၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။