ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ထားပေမယ့် ပြည်တွင်းကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲ ဖြစ်ကြောင်း နာမည်ကြီး ဘောလုံးရေးရာ သုံးသပ် တင်ဆက်သူ တဦး ဖြစ်သူ ဂျန် အာဂေး ဖရိုဖော့က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး စပါးက သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကိန်းကတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ယခု နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Euro Sports

ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ ၊ ဂျာမဏီ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေ အားလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းက ဆုဖလား ရရှိမှာ သေချာပေမယ့် အသင်းတွင်း အရှုပ်အရှင်းတွေ ရှိတဲ့ ပီအက်စ်ဂျီ ၊ စပါးရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးတို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူး လုံးဝ မရှိပဲ မန်ချက်စတာ ယူနိုက်တက် (သို့) ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းသုံးသပ်သူ တဦး ဖြစ်သူ ဂျန် အာဂေး ဖရိုဖော့ရဲ့ အဆိုအရ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲ ဖြစ်ပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ စပါးနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ထပ်မံ လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပြီး စပါးကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို မန်ချက်စတာ ယူနိုက်တက်ထက် ဘိုင်ယန်မြူးနစ်ဆီသာ ရောင်းချချင်နေပါတယ်။