ပရီးမီးယားလိဂ် နဲ့ အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း အလန် ရှီယားကတော့ ဟယ်ရီ ကိန်းအနေနဲ့ စပါးအသင်းမှာ နောက်ထပ် (၁၂) လကြာ ကစားပြီး ဘာဆုဖလားမှ မရနိုင်ဘူး ဆိုရင် စပါးအသင်းကနေ ထွက်သွားသင့်ပါတယ်လို့ အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၆) နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ (၂၀၀၄) ခုနှစ်မှာ စပါး အကယ်ဒမီ အသင်းကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်အထိ စပါးအသင်းမှာ ကစားနေဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

စပါးအသင်းဟာ နည်းပြဟောင်း ပိုချယ်တီနိုရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အမြင့်ဆုံး ရှောက်ရှိနိုင်ခဲ့ပေမဲ့လည်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး နောက်ပိုင်းမှာ နည်းပြ ပိုချယ်တီနိုကိုလည်း ထုတ်ပယ်သွားခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ နည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမဲ့ ရလဒ် ဆိုးရွားနေဆဲ ဖြစ်ပြီး အလန် ရှီယားက ကိန်းအနေနဲ့ ဆုဖလား မရနိုင်ရင် ထွက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အလန် ရှီယားက “ကျွန်တော် ထင်တာကတော့ ဟယ်ရီကိန်းအနေနဲ့ လာမယ့် (၁၂) လအတွင်း ဘာဆုဖလားမှ မရဘူး ဆိုရင်တော့ သူ အသင်းက ထွက်သင့်ပါတယ်။ သူက စပါးအသင်းမှာ နောက်ထပ် တစ်နှစ် ထပ်နေဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့များ ဘာဖလားမှ မရနိုင်ဘူး ဆိုရင် သူ အသင်းက ထွက်သင့်ပါတယ်”လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၃၆) ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ထိပ်သီး ကစားသမား (၁၀) ဦးထဲမှာ ပါဝင်နိုင်ဖို့အတွက် သွင်းဂိုး အနည်းငယ်သာ လိုအပ်နေပြီး လက်ရှိအချိန်မှာတော့ အလန်ရှီယားက သွင်းဂိုး (၂၆၀) ဂိုးနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပါတယ်။