တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူ့ကို ဘိုင်ယန်မြူးနစ်ဘက်က စိတ်ဝင်စားမှုတွေ အဆုံးမသတ်သေးရင်တောင် သူကိုယ်တိုင်ကတော့ စပါးအသင်းနဲ့ပဲ အခု ဘောလုံးရာသီကို ဆက်လက် ဖြတ်သန်းသွားဖို့သာ အခြေအနေ များလာခဲ့ရပါတယ်။

ဘိုင်ယန်က ဟယ်ရီကိန်း ပေါင် သန်း(၉၀)ကျော်အထိ တိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်းလာဖို့ ရှိနေပေမယ့်လည်း စပါးဘက်က ထပ်ပြီး ပယ်ချဖို့သာ ရှိနေသလို ဟယ်ရီကိန်း အနေနဲ့ကလည်း မကြာခင်မှာ ဘောလုံးရာသီ စတင်တော့မှာမို့ အသင်းပြောင်းတာထက် လက်ရှိ အသင်းမှာသာ ဆက်ကစားသွားဖို့ပဲ ဆန္ဒရှိနေပါတယ်။

Photo Credit : Twitter

ဆုဖလားတွေ ဆွတ်ခူးဖို့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ဘိုင်ယန်လို ဆုဖလားတွေအတွက် အာမခံချက်ကောင်းတဲ့ အသင်းကြီးဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ အပြောင်းအရွှေ့က ကြန့်ကြာနေတာမို့ အသင်းပြောင်းဖို့ထက် စပါးမှာပဲ အခု ဘောလုံးရာသီကို ဖြတ်သန်းသွားဖို့သာ စီစဉ်လာပါတော့တယ်။

ဘိုင်ယန်ကတော့ သူတို့ရဲ့ အဓိက ပစ်မှတ် ကိန်းကို အရ ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် အခါခါ ပယ်ချခံထားရကိုတောင် လက်မလျှော့သေးပဲ ပေါင် သန်း(၉၀)ကျော်လောက်နဲ့ပါ ထပ်မံ ကမ်းလှမ်းသွားဖို့လည်း ပြင်ဆင်ထားပါသေးတယ်။

Photo Credit : Bavarian Football Works

ဒါပေမယ့် လက်ရှိမှာ ကိန်းကိုယ်တိုင်ကပါ စပါးနည်းပြသစ် ပိုစတီဂိုဂလူးရဲ့ လက်အောက်မှာ ပါဝင် ကစားနေရတဲ့အပေါ် ပျော်ရွှင်လျက် ရှိနေပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း စပါးအသင်းထံ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့လည်း မရှိတာကြောင့် ဘိုင်ယန်အနေနဲ့ ကိန်းကို ခေါ်ယူဖို့ မဖြစ်နိုင်သလောက် ခက်ခဲသွားခဲ့ရပါပြီ။

ဒါ့အပြင် မနေ့ညက ဘာစီလိုနာနဲ့ ကစားခဲ့ရတဲ့ ယိုဟန်ဂမ်ပါ ဖိတ်ခေါ်ပွဲအတွင်း ဟယ်ရီကိန်း မပါဝင်လာခြင်းဟာလည်း အပြောင်းအရွှေ့ ကိစ္စတွေနဲ့ သက်ဆိုင်ခြင်း မရှိပဲ ပရီးမီးယားလိဂ် ပွဲစဉ်အတွက်ကိုသာ အနားပေးထားခြင်း ဖြစ်တယ်လို့လည်း သိရှိရပါတယ်။