MySport Myanmar

ဆောက်ဂိတ်က အင်္ဂလန်ရဲ့ အခမ်းနားဆုံးသော နည်းပြတစ်ဦးလို့ ဟယ်ရီကိန်း ဆို

မကြာသေးခင်ကမှ အင်္ဂလန် နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ ကြီးကျယ် ခမ်းနားဆုံး နည်းပြတစ်ဦး ဖြစ်တယ်လို့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက အသိအမှတ်ပြု ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် ယူ-၂၁နည်းပြကနေ လက်ရွေးစင်နည်းပြအဖြစ် ၂၀၁၆ခုနှစ်ကတည်းက စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့လက်ထက်မှာ အင်္ဂလန်အသင်းက ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတွေထဲ ဖိုင်နယ်အဆင့်တွေထိ တက်လှမ်းနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာဖလားမှာလည်း စတုတ္ထနေရာအထိ ရရှိခဲ့ပါတယ်။

Photo Credit : FOX Sports

ဒီလို အခြေအနေတွေအထိ ရှိခဲ့ပေမယ့်လည်း ဆောက်ဂိတ်ဟာ အင်္ဂလန်အတွက် ဆုဖလားတွေကိုတော့ ရယူပေးနိုင်ခြင်း မရှိသလို အသင်းမှာ ကြယ်ပွင့်ကစားသမားတွေ ထိပ်တန်းကစားသမားတွေ အများအပြား ရှိနေသည့်တိုင် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မျိုးလည်း မပြသနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြ ဆောက်ဂိတ်ကိုပဲ အသင်းနည်းပြအဖြစ် အမြဲတမ်း တာဝန်ပေးချင်နေပြီး ဆောက်ဂိတ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာ နည်းပြရာထူးကနေ စွန့်ခွာသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

နည်းပြဟောင်း ဆောက်ဂိတ်နဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းက “နည်းပြကြီးရေ ကျွန်တော်တို့တွေနဲ့ ကျွန်တော်တို့နိုင်ငံအတွက် နည်းပြကြီး လုပ်ဆောင်ပေးခဲ့တဲ့ အရာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နည်းပြကြီးက အင်္ဂလန်ရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြတွေထဲကြ တစ်ယောက် ဖြစ်ပြီးတော့ ကျွန်တော်လည်း နည်းပြကြီးရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ရတဲ့ တစ်လျှောက်လုံး ဝမ်းသာပီတီ ဖြစ်ရပါတယ်။”

“နည်းပြကြီးက ကျွန်တော်တို့ အသင်းသားတွေကို တစ်နိုင်ငံလုံးနဲ့ ချိတ်ဆက်ပေးဖို့ ကူညီပေးနိုင်ခဲ့တယ်။ မီးမောင်းထိုးပြလိုက်စရာ ဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပြီးတော့ ကျွန်တော်တို့တွေ အတူတကွ အတူဖန်တီးခဲ့တဲ့ အမှတ်တရတွေကလည်း အမြဲတမ်း တည်မြဲနေပါမယ်။ နည်းပြကြီးရဲ့ နောက်ထပ် ခြေလှမ်းအသစ်မှာ ကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့တွေလည်း ထပ်တွေ့ကြမယ်ဆိုတာ သေချာပါတယ်။ ကျေးဇူးတင်ပါတယ် နည်းပြကြီး” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version