စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ မူဆာဆစ်ဆိုခိုက ဒီနှစ်နွေစျေးကွက်အတွင်းမှာ စပါးအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ သူရဲ့အသင်းဖော် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ ဆုဖလားတွေကို သိမ်းပိုက်ရယူနိုင်သင့်တဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပြီး တကယ်လို့ ဟာရီကိန်းအနေနဲ့ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင်လည်း သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆစ်ဆိုခိုက ဆုတောင်းစကား ဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်ခဲ့ရပေမယ့် အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကိုတော့ မရယူနိုင်ခဲ့သလို ဗိုလ်လုပွဲအထိ တတ်လှမ်းနိုင်ခဲ့ရတဲ့ ခါရာဘောင်းဖလားပြိုင်ပွဲမှာလည်း မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ရပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဟာရီကိန်း စပါးကစားသမားဘဝတလျှောက် ဘာဆုဖလားအောင်မြင်မှုကိုမှ မရယူနိုင်ခဲ့တာဖြစ်လို့ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့က သေချာသလောက်ကို ရှိလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Red Devil Armada

ဒီလို အခြေအနေရှိနေရတဲ့ အသင်းဖော်ဟာရီကိန်းနဲ့ပတ်သက်ပြီး ဆစ်ဆိုခိုက “တခြားကစားသမားတွေ အားလုံးလိုပါပဲ။ ဟာရီကိန်းကလည်း ဆုဖလားတွေကို အရယူချင်နေတဲ့သူပါ။ သူရဲ့ထင်ပေါ်ကျော်ကြားမှု အရဆိုရင်လည်း သူက ဘောလုံးရာသီတိုင်းလိုလိုမှာ ဆုဖလားတွေကို အရယူဖို့ ထိုက်တန်မှုရှိတဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ ကျွန်တော်တို့တွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလို ဆုဖလားတွေ ရယူဖို့ကို ပျက်ကွက်ခဲ့ရတယ်။ ဒါတွေက သူ့ကို ပိုပြီးစိတ်ထိခိုက်မှုတွေ ဖြစ်စေခဲ့ရတယ်။ သူက ဒီအသင်းကနေ ထွက်ခွာချင်နေတယ်လို့တော့ တရားဝင်ထုတ်ပြောခဲ့ခြင်း မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ဟာရီက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်နေပါပြီ။ နှစ်စဉ်နှစ်တိုင်းမှာလည်း သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းသူတစ်ယောက်အဖြစ်နဲ့ ရပ်တည်လို့နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း သူအကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တယ်။ သူ အသင်းမှာ ဆက်နေမလား ထွက်ခွာမလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ကတော့ သူ့လို ထိပ်တန်းကစားသမားမျိုးနဲ့ ဆက်လက်ကစားချင်ပါတယ်။ ဒါပေမယ့် တကယ်လို့သာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင်တော့ သူ့အတွက် အကောင်းဆုံးအရာတွေပဲ ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။