တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကစားသမားဟောင်း ဟယ်ရီကိန်းက စပါးအသင်း တိုက်စစ်မှာ သူနဲ့ ဆွန်ဟောင်မင်တို့ အတွဲညီညီနဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူပြီး တောက်ပနိုင်ခဲ့တာဟာ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကြောင့် ဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။
လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားနေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ ဘိုင်ယန်ကို မပြောင်းရွှေ့ခင်က ကစားသမားဘဝတစ်လျှောက်လုံး စပါးအသင်းမှာသာ ဖြတ်သန်းခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ စပါးမှာ အသင်းခေါင်းဆောင် ဖြစ်နေတဲ့ ဆွန်ဟောင်မင်နဲ့လည်း (၈)နှစ်အထိ တွဲဖက်ကစားခဲ့ဖူးပါတယ်။
Photo Credit : Goal
ကိန်းနဲ့ ဆွန်တို့ဟာ စပါးအသင်းနဲ့အတူ ဆုဖလားတွေ မရယူနိုင်ခဲ့ပေမယ့်လည်း ခံစစ်တန်းတိုင်းက ကြောက်လန့်ရတဲ့ တိုက်စစ်အတွဲအဖက်ကောင်း ဖြစ်ခဲ့သလို ကိန်း-ဆွန် တိုက်စစ်အတွဲကနေ နှစ်ယောက်ပေါင်း (၄၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကလည်း တကယ့်ကို စံချိန်တင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုပါ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်စစ်အတွဲအဖက်နဲ့ ပတ်သက်ပြီး ကိန်းက “ကျွန်တော်က ဆွန်ဟောင်မင်နဲ့အတူ မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ သူကတော့ ထိပ်တန်းလိဂ်တွေမှာ underrated အဖြစ် သတ်မှတ်ခံရဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အမြဲတမ်း နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။”
Photo Credit : Goal
“ဒါပေမယ့် ဂျိုဆေး မော်ရင်ဟိုက စပါးအသင်းဆီ ရောက်လာချိန်မှာတော့ ကျွန်တော်တို့ နှစ်ဦးက နောက်ထပ် အတိုင်းအတာ တစ်ခုအထိ ဖြစ်လာခဲ့ပါတယ်။ သူ ရောက်မလာခင်ကတော့ ကျွန်တော်က နံပါတ်(၉)နေရာ ကစားပြီးတော့ ဆွန်နီက ဘယ်တောင်ပံမှာ ကစားတယ်။ ပွဲတွေမှာ ကျွန်တော်တို့က နားလည်မှုကောင်းကောင်းနဲ့ ကစားတက်ပေမယ့် ဂျိုဆေး ရောက်လာချိန်မှာတော့ ကျွန်တော်တို့ တိုက်စစ်အတွဲအဖက်လို ပုံစံမျိုး ဖြစ်သွားတယ်။”
“ဒီလို ဖြစ်သွားချိန်မှာတော့ ကျွန်တော်တို့ နှစ်ဦးက စိတ်ချင်းဆက်သွယ် ချိတ်ဆက်မှုတွေ ပိုမို လုပ်ဆောင်လာရင်းနဲ့ လိုအပ်သလို နေရာတွေ ပြောင်းလဲ ကစားလာကြတယ်။ ကျွန်တော်က ဒီတစ်ကြိမ် အထောင်မှာ ကစားရင် နောက်တစ်ကြိမ်ဆို သူက အထောင်တိုက်စစ် ရောက်သွားတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။