ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ နွေရာသီ ပစ်မှတ်ဖြစ်သူ ဟယ်ရီကိန်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် (၇၅)သန်းနဲ့ အသင်းဆီ ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

ပေါင် (၇၅)သန်းက စပါးအသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပေါင် (၁၅)သန်းအထိ ကွာဟနေပေမယ့်လည်း ဘိုင်ယန်ရဲ့ အမှုဆောင်ချုပ် ၊ နည်းစနစ ဒါရိုက်တာတို့နဲ့ စပါးရဲ့ ဥက္ကဌတို့ ဟယ်ရီကိနး အပြောင်းအရွှေ့အတွက် တွေ့ဆုံ ဆွေးနွေးရာမှာ ပေါင် (၇၅)သန်းနဲ့ပဲ စျေးတည့်သွားလိမ့်မယ်လို့ ဘိုင်ယန်ဘက်က ယုံကြည်နေပါတယ်။

Photo Credit : ESPN

ဘိုင်ယန်မြူးနစ်အသင်းက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားဟောင်း လီဝန်ဒေါစကီးလို သွင်းဂိုးတွေ လှိုင်လှိုင် သွင်းယူပေးနိုင်မယ့် တိုက်စစ်မှူးမျိုးကို အလိုရှိနေပြီး ဒီနေရာအတွက် ဟယ်ရီကိန်းကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လုံးဝ ကွက်တိ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း ဘိုင်ယန်က ဒီနွေမှာ တိုက်စစ်အတွက် ကိန်းတစ်ဦးတည်းကိုသာ အာရုံစိုက်နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်ကမှ အသက် (၃၀)ပြည့်ထားပြီး နောက်တစ်နှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တော့မယ့် ကစားသမားတစ်ဦးအတွက် ဘိုင်ယန်ဘက်က ပြောင်းရွှေ့ကြေးကို ပေါင် သန်း (၉၀၊၁၀၀) အထိ သုံးစွဲဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် တနင်းလာနေ့မှာ နှစ်ဖက်အသင်း တာဝန်ရှိသူတွေ တွေ့ဆုံဖို့ စီစဥ်ထားပြီး အဲ့နေ့မှာပဲ ကိန်းရဲ့ပြောင်းရွှေ့ကြေးကို ပေါင် (၇၅)သန်းနဲ့ အဆင်ပြေနိုင်လိမ့်မယ်လို့ ဘိုင်ယန်က ယုံကြည်နေပါတယ်။

Photo Credit : TEAMtalk

တကယ်လို့ ဘိုင်ယန်ရဲ့ ပေါင် (၇၅)သန်းတန် ကမ်းလှမ်းမှုကို စပါးဘက်က လက်ခံခဲ့မယ်ဆိုရင်တော့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာပါလိမ့်မယ်။ လက်ရှိ ဘိုင်ယန်ရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားက လူးကပ်စ် ဟာနန်ဒက်ဇ်ဖြစ်ပြီး အသက်လက်တီကိုကနေ ပေါင် (၆၈)သန်းနဲ့ ခေါ်ယူထားရတာ ဖြစ်ပေမယ့် အခု နွေမှာပဲ ပီအက်စ်ဂျီအသင်းဆီ ပြန်လည် ရောင်းချထားခဲ့ပါတယ်။

စပါးအသင်းနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရင်း ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ ဟယ်ရီကိန်းက ဖလား အာမခံချက်​​ကောင်းတွေ ရှိနေတဲ့ ဘိုင်ယန်ဆီကို ပြောင်းရွှေ့ချင်နေတာကြောင့် စပါးဘက်က ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုပါ လက်ခံသွားဖို့ မရှိပဲ ဘိုင်ယန်ကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။