ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေနဲ့အတူ လာဇီယိုအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သလို ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း အလန်းစား စံချိန်သစ်တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

မနေ့ညက လာဇီယိုနဲ့ပွဲမှာ ဘိုင်ယန်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အခုဆိုရင် UEFA ကနေ ကြီးမှူးကျင်းပတဲ့ ကလပ်ပြိုင်ပွဲတွေထဲ ဂိုး(၅၀)နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဦးဆုံး ဗြိတိန်ဘောလုံးသမားတစ်ဦးဆိုတဲ့ စံချိန်ကိုပါ စိုက်ထူသွားနိုင်ခဲ့ပါတယ်။

Photo Credit : ESPN

ဒီရာသီမှ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ သူ့ဆီမှာ ဆုဖလားလက်မဲ့ ကျိန်စာသင့်နေလို့ ဘိုင်ယန်အသင်းပါ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မယ်ဆိုပြီး လှောင်ပြောင်နေကြပေမယ့် ဒီရာသီထဲ ဘိုင်ယန်အတွက် ဟယ်ရီကိန်းရဲ့ စွမ်းဆောင်မှုတွေကတော့ တကယ့်ကို အထင်ကြီးလောက်စရာပါ။

အခုလက်ရှိမှာပဲ ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၃၃)ပွဲထိ ကစားထားပြီးချိန် သူရဲ့ သွင်းဂိုးအရေအတွက်ဟာလည်း (၃၃)ဂိုးအထိ ရှိနေပြီး (၈)ဂိုးပါ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ကိန်းရဲ့ ဂိုးသွင်းမှတ်တမ်းကို ကြည့်ရမယ်ဆိုရင် သူပါဝင်ကစားတဲ့ပွဲတိုင်း တစ်ပွဲတစ်ဂိုးနှုန်းလောက် သွင်းယူနေသလိုပါပဲ။

Photo Credit : Sports Illustrated

အခုလည်း ဘိုင်ယန်ကို ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်အောင် တွန်းတင်ပေးခဲ့တဲ့ ဟယ်ရီကိန်းက ဥရောပ ကလပ်ပြိုင်ပွဲတွေထဲ စုစုပေါင်း သွင်းဂိုး (၅၁)ဂိုးအထိတောင် ရှိလာခဲ့ရပြီ ဖြစ်ပါတယ်။ သူရဲ့အောက်မှာတော့ အနားယူသွားတဲ့ ကစားသမားတွေဖြစ်သော ဂျရတ်နဲ့ ရွန်နီတို့သာ ရှိနေပြီး ဂျရတ်က (၄၁)ဂိုးနဲ့ ဒုတိယ ရွန်နီကတော့ ဂိုး(၄၀)နဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။

UEFA ပြိုင်ပွဲတွေကို စပါးအသင်းနဲ့ အများဆုံး ကစားခဲ့ရတဲ့ ဟယ်ရီကိန်းက စပါးအတွက် ဥရောပပွဲပေါင်း (၇၆)ပွဲ ပါဝင်ကစားရင်း (၄၅)ဂိုးအထိ သွင်းယူခဲ့သလို အခု ဘိုင်ယန်အတွက်လည်း ချန်ပီယံလိဂ် (၈)ပွဲထိ ကစားပေးရင်းနဲ့ (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။