စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးဟာရီကိန်းဟာ မနေ့ညက ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဝုလ်ဖ်ဘာဂါအသင်းနဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်စာရင်းမှာပါ ပါဝင်လာခြင်းမရှိတာဟာ ကိန်းအနေနဲ့ သူရဲ့ခြေချင်းဝတ်ဒဏ်ရာအခြေအနေအပေါ် စိတ်ပူပန်နေသေးတာကြောင့် ပါဝင်ခဲ့ခြင်းမရှိတာဖြစ်တယ်လို့ အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : Hotspur HQ

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရိကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ခါစသာရှိသေးပြီး မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပါဝင်ခဲ့ရပေမယ့် ဒဏ်ရာအခြေအနေကြောင့် ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို ဘောလုံးသုံးသပ်သူတချို့ကလည်း မော်ရင်ဟိုအနေနဲ့ ဟာရီကိန်းကို အရဲစွန့်မသုံးခဲ့သင့်ဘူးလို့ပါ ဝေဖန်ခဲ့ကြပါတယ်။ အခုလည်း ကိန်းက သူရဲ့ဒဏ်ရာအခြေအနေ ပြန်လည်ဆိုးရွှားလာမှာကို စိုးရိမ်တဲ့အတွက် ဝုလ်ဖ်ဘာဂါနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ပါဝင်ခြင်းမရှိဖို့ မော်ရင်ဟိုဆီမှာ တောင်းဆိုခဲ့ရာ မော်ရင်ဟိုကလည်း လက်ခံသွားခဲ့ပါတယ်။

Photo Credit : Daily Express

မော်ရင်ဟိုဟာ မနေ့ညကပွဲစဉ်မှာ ဆွန်ဟောင်မင်ကို အထောင်တိုက်စစ်နေရာက အသုံးပြုပြီး အသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေတဲ့ ဒယ်လီအလီကိုလည်း ပြန်လည်ပွဲထွက်လာခဲ့ကာ ဘေးလ်နဲ့ လူးကပ်စ်မော်ရာတို့ကို တောင်ပံတစ်ဖက်ဆီမှာ အသုံးပြုလာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘေးလ် ဆွန်ဟောင်မင် မော်ရာနဲ့ လူစားဝင်ကစားသမား ဗင်နီစီယပ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းရဲ့ အဓိက ကစားသမား ဟာရီကိန်းက Risk မယူဖို့အတွက် ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ သေချာပေါက် ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ မော်ရင်ဟိုက ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဟာရီကိန်း ဒဏ်ရာရသွားခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းရဲ့တိုက်စစ်ပိုင်း စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့သလို အသင်းရဲ့ ရလဒ်တွေကလည်း အားရစရာ အနေအထားမှာ ရှိမနေခဲ့ပဲ ရုန်းကန်နေရတာကြောင့် Super Sunday မှာ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီကိုတော့ ရလဒ်ကောင်းယူဖို့ မဖြစ်မနေ လိုအပ်လို့နေပါတယ်။