MySport Myanmar

ယူရိုဖလားအတွက် သူရဲ့ တစ်ဦးချင်း ဆုတွေ အားလုံးနဲ့ပါ လဲနိုင်တယ်လို့ ဟယ်ရီကိန်း ဆို

ဟယ်ရီကိန်းဟာ ကလပ်အသင်း ကစားသမားဘဝမှာရော လက်ရွေးစင် ကစားသမားဘဝမှာပါ တကယ့်ကို ထိပ်တန်းအဆင့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်တွေလည်း ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း အသင်းလိုက် ဆုဖလားတွေကိုတော့ ရယူနိုင်ခြင်း မရှိပဲ ဆုဖလားတွေနဲ့ အမြဲတမ်း လက်လွတ်ခဲ့ရပါတယ်။

ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်လို ဆုဖလား အာမခံချက်တွေ ရှိနေတဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ်အသင်းဆီ ပြောင်းရွှေ့လာတာတောင်မှ ဘိုင်ယန်ဟာ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီနောက်ပိုင်း ဆုဖလားလက်မဲ့ ဘောလုံးရာသီတစ်ခုပါ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဟယ်ရီကိန်းဟာ အခုဆိုရင် အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ့အတွက် ပထမဆုံး အဓိကဆုဖလားတစ်လုံးကို ရယူသွားဖို့ အကြောင်းဖန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း ဟယ်ရီကိန်းရဲ့ အင်္ဂလန်က ယူရိုမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန်အသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

စပိန်က ယူရို-၂၀၂၄ မတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပါဝင်ခြင်း မရှိပေမယ့် ပြိုင်ပွဲလည်း စတင်ချိန်ကျတော့ လုံးဝ ချန်ပီယံ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး ယူရို-၂၀၂၄မှာ ချန်ပီယံဖြစ်ဖို့ အလွန် ရေပန်းစားလာခဲ့ပါတယ်။ အခုအချိန်မှာလည်း စပိန်က ယူရို-၂၀၂၄ ဖိုင်နယ်မှာ အင်္ဂလန်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာဖို့ အခွင့်အရေး ပိုများနေပြီး အင်္ဂလန်ကတော့ underdog အဆင့်လို ဖြစ်နေရပါတယ်။

Photo Credit : Optus Sports

ဒီပွဲနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းက “ကျွန်တော် အသင်းလိုက် ဆုဖလား မရရှိခဲ့တာက လျှို့ဝှက်ချက် မဟုတ်သလို နှစ်တိုင်းလိုလို ဒါကို ပြောင်းလဲဖို့ စိတ်အားထက်သန်ပြီး ပြောင်းလဲဖို့ကိုလည်း စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီချိန်မှာတော့ အကြီးမားဆုံးသော ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိနေပါတယ်။ နောက်ပြီး ကျွန်တော့်နိုင်ငံအတွက် သမိုင်းသစ် ရေးထိုးနိုင်မှာဖြစ်လို့ အရမ်းဂုဏ်ယူမိရမှာပါ။”

“ဒီပွဲမှာ ကျွန်တော်ရဲ့ ကစားသမားဘဝအတွင်း ထူးခြားခမ်းနားတဲ့ ညတစ်ညကို ပိုင်ဆိုင်ရဖို့နဲ့ နိုင်ပွဲရဖို့အတွက် ကျွန်တော် ရယူနိုင်သမျှ ဆုတံဆိပ်အားလုံးနဲ့ပါ လဲလှယ်နိုင်ပါတယ်။ ဒါပေမယ့် ဒီတိုင်းကတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါက အဆုံးသတ်အထိ ကြိုးစားအားထုတ်မှုအပြည့်နဲ့ လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်လည်း ဒီပွဲမှာ ထူးခြားတဲ့ ညတစ်ည ဖြစ်လာနိုင်အောင် လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version