ဘယ်လ်ဂျီယံ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ အန်ဒါလက်ချ်အသင်းရဲ့ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ကာနာ ကတော့ သူဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်ကူး အိမ်မက်ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ မာကို ကာနာဟာ အန်ဒါလက်ချ်အသင်း ကနေ ထွက်ပေါ်လာကာ ဘယ်လ်ဂျီယံအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ ကွန်ပနီ လက်သစ် အဖြစ် ဘယ်လ်ဂျီယံ သတင်းထောက်တွေရဲ့ ချီးကျူးမှုကို ခံထားရသူ ဖြစ်ပြီး ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ လူငယ် ကစားသမား တစ်ဦးပါ။

Photo Credit: Mirror

မာကို ကာနာဟာ အရပ်အမြင့် ၅ပေ ၉လက်မ ရှိသူ ဖြစ်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုပုံစံ ၊ လျင်မြန်တဲ့ ရွေ့လျားမှုတွေကြောင့် အနာဂတ်မှာ ဘယ်လ်ဂျီယံ အသင်းရဲ့ အားကိုးရမယ့် ကစားသမား တစ်ဦး အဖြစ် ကွန်ပနီရဲ့ ချီးကျူးမှုတွေကို ရရှိထားသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီ မှာတော့ ကာနာဟာ အန်ဒါလက်ချ် အသင်းအတွက် ၅ပွဲအထိ ပါဝင် ကစား ပေးထားသူပါ။ ကာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး အန်ဒါလက်ချ် အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်လာကာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ လက်ရှိမှာ ကာနာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် အသင်းက စိတ်ဝင်စားနေပြီး ကာနာ ကတော့ လီဗာပူးအသင်း ထံသာ ပြောင်းရွှေ့ ကစားချင်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Mirror

ကာနာက “နောက်ပိုင်းမှာ ကျွန်တော်က ဥရောပရဲ့ အကောင်းဆုံး ကလပ်အသင်းတွေ ၊ ပြီးတော့ အကောင်းဆုံး ဖြစ်လုနီးပါး ရှိတဲ့ အသင်းတွေမှာ ကစားချင်ပါတယ်၊။ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတွေမှာလည်း ကစားချင်ပါတယ်။ အင်္ဂလန်ရဲ့ အသင်းကြီး ငါးသင်းမှာပေါ့။ အခုချိန်မှာတော့ ကျွန်တော်က လီဗာပူးအသင်းကို ပိုပြိီး သဘောကျပါတယ်။ သူတို့က ပြိုင်ပွဲတိုင်းကို ကြီးစိုး နေတာလေ” ဆိုပြီး ပြောကြား သွားပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာ ရရှိနေတာကြောင့် ဗဟိုခံစစ်မှူး အသစ်တစ်ဦး ဝယ်ယူရဖွယ် ရှိနေပြီး ကာနာကို ခေါ်ယူမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။