ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာရဲ့ အဓိက ကွင်းလယ်လူ ကာမာရာက အက်စ်တွန်ဗီလာ ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုကွင်းလယ်လူ ကာမာရာက ၂၀၂၂ခုနှစ်မှာ မာဆေးလ် ကနေ အက်စ်တွန်ဗီလာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူပါ။

Photo Credit: Reuters

ကာမာရာက ဒေါက်ဂလပ် လူးဝစ် ၊ မက်ဂင်း စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အက်စ်တွန်ဗီလာရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

ကာမာရာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာ ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း ဒေါက်ဂလပ် လူးဝစ်ဇ် ၊ မက်ဂင်း စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဗီလာရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး သူက ပွဲချိန် မိနစ် ၆၀ကျော်မှာတော့ ပြိုင်ဘက် ကစားသမားတွေနဲ့ ဘောလုံးယှဉ်လုရင်း ဒဏ်ရာရသွားတာကြောင့် အသင်းဖော် ဒီယာဘီနဲ့ လူစားလဲခံခဲ့ရပါတယ်။

 

Photo Credit: Standard

ပွဲပြီးဆုံးချိန်မှာ အက်စ်တွန်ဗီလာရဲ့ တာဝန်ရှိသူတွေက ကာမာရာရဲ့ ဒူးဒဏ်ရာကို ဆေးစစ်မှုတွေ လုပ်ခဲ့ရာ ဘောလုံးလောကရဲ့ အပြင်းထန်ဆုံး ဒဏ်ရာလို့ ပြောရမယ့် ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ကာမာရာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကြောင့် လက်ကျန် ရာသီဝက် တခုလုံးကို လွဲချော်တော့မှာ ဖြစ်ပြီး ဗီလာရဲ့ ဆေးအဖွဲ့က ကာမာရာကို လာမယ့် ရက်ပိုင်းအတွင်းမှာပဲ လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ပေးတော့မယ်လို့ သိရှိရပါတယ်။