MySport Myanmar

အရန်ခုံမှာပဲ ဆက်ထိုင်နေရရင် အသင်းပြောင်းဖို့ စဉ်းစားမယ် ဆိုတဲ့ ကယ်ဗင် ဖီးလစ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ကယ်ဗင် ဖီးလစ်က သူဟာ အရန်ခုံမှာ ထိုင်ရတာကို သဘောမကျတော့ပဲ ကစားခွင့်သာ မရရင် အသင်းပြောင်းဖို့ စဉ်းစားမယ့်အကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိဒ်ယူနိုက်တက် ကနေ မန်ချက်စတာ စီးတီးထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် သူက ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့သာ လုံးပန်းခဲ့ရပါတယ်။

Photo Credit: Sky Sports

ကယ်ဗင် ဖီးလစ်က ဒီရာသီမှာ ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် စီးတီးနည်းပြ ဂွာဒီယိုလာက သူ့ကို ပုံမှန် ကစားခွင့် မပေးသေးပဲ အရန် ကစားသမား အဖြစ်သာ အသုံးပြုနေသလို အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ရိုဒရီ တယောက် ပွဲပယ်ပြစ်ဒဏ် ကျခံနေရချိန်မှာလည်း ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ကယ်ဗင် ဖီးလစ်က လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ မန်ချက်စတာ စီးတီး ကနေ ထွက်ခွာဖို့ စတင် စဉ်းစားနေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

Photo Credit: Standard

ကယ်ဗင် ဖီးလစ်က – “ဘောလုံးသမားတွေက အမြဲတမ်း ဘောလုံးကစားချင်ကြပါတယ်။ ကျွန်တော်လည်း အတူတူပါပဲ။ ကျွန်တော်က ကစားချိန် များများ ရချင်တယ်။ ပြီးခဲ့တဲ့ ၁နှစ်ခွဲ ကာလအတွင်းမှာ ကျွန်တော်က ကစားခွင့် များများစားစား မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က အခုချိန်မှာ များများ ကစားချင်နေပါပြီ။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ကြတာပေါ့ (ပွဲထွက်ခွင့် မရရင် အသင်းပြောင်းမယ့်အကြောင်း ရည်ရွယ်လျက်)” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တချို့က ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်က လာမယ့် ဆောင်းဈေးကွက်မှာ ကယ်ဗင် ဖီးလစ် အတွက် ကမ်းလှမ်းမှု လုပ်လာနိုင်ပါတယ်။

Exit mobile version