MySport Myanmar

သူ့ကို အလိုရှိနေတဲ့ မန်စီးတီးဆီ ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ကယ်လ်င်ဖီးလစ်

လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကတော့ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းအပြောင်းအလဲ ပြုလုပ်သွားချင်နေပြီး သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့သွားချင်နေတယ်လို့ သူရဲ့ကလပ်အသင်း လိဒ်စ်ယူနိုက်တက်ဆီ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ သူရဲ့လက်ရှိကလပ် လိဒ်စ်အသင်းမှာ (၁၂)နှစ်တာအထိ ကာလရှည်ကြာ ပါဝင်ကစားနိုင်ခဲ့သူဖြစ်ပြီး သူရဲ့ ကွင်းလယ်ကစားပုံ ကောင်းမွန်မှုကြောင့် ယော့ခ်ရှိုင်းယားပီယာလိုအဖြစ်ပါ တင်စားခံရသူဖြစ်သလို ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်နေရာတွေမှာပါ ပါဝင်ကစားနိုင်သူလည်း ဖြစ်ပါတယ်။ လိဒ်စ်အသင်းကိုလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပို့ဆောင်နိုင်ခဲ့သူ ကယ်လ်ဗင်ဖီးလစ်ဟာ အခုဆိုရင် မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို သူကိုယ်တိုင်ကလည်း မန်စီးတီးအသင်းဆီ ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : The Sun

ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် ထိပ်တန်းကစားသမား အာလင်းဟော်လန်းကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုနဲ့ လက်တွဲဖြုတ်ရတော့မယ့် အခြေအနေမျိုး ရှိနေတာကြောင့် ကယ်လ်ဗင်ဖီးလစ်ကို အရခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဖီးလစ်ဟာ မကြာသေးခင်ကမှ အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးသွားတာကြောင့် အားလပ်ရက် အနားယူဖို့ စီစဉ်လျက် ရှိနေတဲ့အပြင် မန်စီးတီးအသင်းဘက်ကပါ လက်ရှိအချိန်မှာ ဖီးလစ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်စီးတီးအသင်းဟာ ဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀) ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်ဆိုပြီး ဖော်ပြနေခဲ့သလို လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေမှာဆိုရင်လည်း ဖီးလစ်ကိုယ်တိုင်ကပါ သူ့ကို အလိုရှိနေတဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ လိဒ်စ်အသင်းဘက်ကတော့ ဖီးလစ်နေရာမှာ အစားထိုးသွားဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်လူ မာ့ခ်ရိုကာကို ခေါ်ယူသွားဖို့ ကမ်းလှမ်းနေပြီး ခေါ်ယူနိုင်ဖွယ်လည်း ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Exit mobile version