မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ဂျာမနီလက်ရွေးစင်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League အုပ်စုပွဲစဉ်မှာ ပွဲအစ (၉)မိနစ်မှာပဲ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ် ဒဏ်ရာရသွားခဲ့ပြီး ပွဲကိုဆက်ကစားခဲ့ပေမယ့်လည်း ဒဏ်ရာပြသာနာကြောင့် ဆက်ကစားရာမှာ အဆင်မပြေ ဖြစ်လာခဲ့ရတာကြောင့် ဘယ်လင်ဟမ်နဲ့ လူစားလဲခဲ့ရပြီး အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ ဖီးလစ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ ကွင်းလယ်လူ ဖီးလစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ရာသီဝက်နီးပါးလောက်ကို လွဲချော်ထားခဲ့ရပြီး အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေကို ပါဝင်ဆင်နွဲရမှာလည်း ပွဲအစပိုင်းမှာတင် ပေါင်ဒဏ်ရာရသွားခဲ့လို့ လူစားလဲခံခဲ့ရပါတယ်။ ကယ်လ်ဗင်ဖီးလစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “(၁၅)မိနစ် (၂၀)မိနစ်လောက်အကြာမှာ အသင်းအတွက် တကယ်အရေးကြီးတဲ့ ကစားသမားတစ်ယောက်ကို ဆုံးရှုံးဖို့က ဘယ်လိုပုံစံနဲ့မှကို မသင့်တော်ပါဘူး”

Photo Credit : The Sun

“သူ့ဒဏ်ရာက အရမ်းမဆိုးရွှားဖို့ မျှော်လင့်မိတယ်။ ခြေထောက်ထိခိုက်မှုကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ ဒဏ်ရာကြောင့် ဘယ်လောက်အထိ ကြာကြာ အနားယူရမလဲဆိုတာကို သိဖို့က ခက်ခဲပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် ဖီးလစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလကနေ စတင်ပြီး ၂၀၂၂ခုနှစ် မတ်လလယ်အထိကို အနားယူထားခဲ့သလို လိဒ်စ်အသင်းအတွက် (၁၅)ပွဲလောက်အထိ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ရာသီကုန်ခါနီး ပွဲစဉ်(၃၁)ကနေ လိဒ်စ်အတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ ဖီးလစ်ဟာ အသင်းကနေ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းမဆင်းသွားရအောင် ကူညီနိုင်ခဲ့ပြီး သူ့ကိုလည်း မန်ချက်စတာ မြို့ခံအသင်းနှစ်သင်းကပါ အခုနွေဈေးကွက်အတွင်းမှာပဲ အပြိုင်ခေါ်ယူသွားဖို့ စိတ်ဝင်တစားနဲ့ကို ပစ်မှတ်ထားနေကြပါတယ်။ သို့ပေမယ့်လည်း လက်ရှိမှာတော့ ဖီးလစ်ဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးရင်းကနေ မမျှော်လင့်ပဲ ဒဏ်ရာရသွားခဲ့တာကြောင့် သူ့ကို ခေါ်ယူမယ့် အသင်းတွေက သူရဲ့ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး ခေါ်ယူဖို့ တွေဝေလာနိုင်တာမျိုး ဖြစ်လာနိုင်သလို ဖီးလစ်အနေနဲ့လည်း ဆက်လက်အနားယူရဖွယ် ရှိနေပါတယ်။ ယော့ခ်ရှိုင်းယား ပီယာလိုလို့ပါ တင်စားခေါ်ဆိုခံထားရတဲ့ ဖီးလစ်အနေနဲ့ ဒီအချိန်မှာ သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းမျိုး ရှိနေပေမယ့် သူရဲ့ဒဏ်ရာပြသာနာတွေက သူရဲ့ကစားသမားဘဝအတွက် အဟန့်အတားကြီးတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။