ပရီးမီးယားလိဂ် အသင်းတသင်း ဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ကယ်ဗင်ဖီးလစ်ဟာ အဆင့်၂ တံကောက်ကြောဒဏ်ရာ ရရှိထားတာကြောင့် ၂လနီးပါး အနားယူရတော့မယ် လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လိဒ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

ကယ်ဗင်ဖီးလစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၂-၂ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၅၅မိနစ်မှာပဲ အသင်းဖော် ကလစ်ရှ်နဲ့ လူစားလဲခဲ့ရပါတယ်။

ကနဦးမှာတော့ လိဒ်ယူနိုက်တက် အသင်းရဲ့ ဆေးအဖွဲ့က ကယ်ဗင်ဖီးလစ်ရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့ ယူဆခဲ့ကြပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးချိန်မှာတော့ ဖီးလစ်ဟာ အဆင့်၂ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့ကြောင်း တွေ့ရှိရတာကြောင့် ဖီးလစ်အနေနဲ့ သီတင်းပတ် ရှစ်ပတ်ကြာအောင် အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Metro

လိဒ်ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ၁၅ပွဲ ကစားထားရာ ရမှတ် ၁၆မှတ်သာ ရရှိထားပြီး အဆင့်၁၆နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုမျိုး အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ကယ်ဗင်ဖီးလစ်ကို ၂လနီးပါး ကြာအောင် လက်လွှတ်ရမယ့် သတင်းကတော့ သူတို့အသင်း အတွက် သတင်းဆိုး တခုပဲ ဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီး ဘီယဲလ်ဆာ တယောက် ကယ်ဗင်ဖီးလစ်ရဲ့ နေရာကို အခြား ကစားသမား တဦးနဲ့ အစားထိုးကာ ရလဒ်ကောင်းတွေ ရယူနိုင်မလား ၊ ဒါမှမဟုတ် ကယ်ဗင်ဖီးလစ် မပါဝင်နိုင်တဲ့ လိဒ်ယူနိုက်တက် အသင်းက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ရမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။