ရူဒီဂါ ခရစ္စတန်ဆန်တို့ အသင်းကနေ ထွက်ခွာသွားခဲ့ြ့ပီးနောက် ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ပြန်လည်ဖြည့်တင်းသွားဖို့ အမှန်တကယ် လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ အခုဆိုရင်တော့ ထိပ်တန်း ခံစစ်မှူးတစ်ဦးဖြစ်တဲ့ နာပိုလီ ခံစစ်ကစားသမားကြီး ကူလီဘလီကို တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် ကစားသမားဘက်မှာ သဘောတူညီ ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ဆီနီဂေါလက်ရွေးစင် ခံစစ်မှူးကြီး ကူလီဘလီဟာ လက်ရွေးစင်အသင်းအတွက်ရော နာပိုလီအသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပထိပ်သီး ကလပ်အသင်းများစွာရဲ့ အလိုအရှိဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒီနွေမှာလည်း ကူလီဘလီကို ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြပေမယ့်လည်း နောက်ဆုံးမှာတော့ ကစားသမားကိုယ်တိုင်က လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ကိုသာ ခေါင်းညိတ်လိုက်ပြီး ကူလီဘလီဟာ ချယ်လ်ဆီးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းအထိပါ ရရှိသွားမှာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

အသက်(၃၁)နှစ်အရွယ်ရှိ ဗဟိုခံစစ်ကစားသမား ကူလီဘလီကို ချယ်လ်ဆီးအသင်းထက် စီးရီးအေထိပ်သီး ဂျုဗင်တပ်စ်အသင်းက ပိုမိုအလိုရှိနေခဲ့တာဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ သူရဲ့လက်ရှိကလပ် နာပိုလီရဲ့ စီးရီးအေပြိုင်ဘက်အသင်း တစ်သင်းကို ပြောင်းရွှေ့သွားဖို့ ဆန္ဒမရှိတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကူလီဘလီကို ကြိုးပမ်းခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကူလီဘလီက ဂျုဗင်တပ်စ်အသင်းထက် ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ရူဒီဂါ ခရစ္စတန်ဆန်တို့ကို အသင်းကနေ လက်လွတ်ထားခဲ့ရသလို အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့တာကြောင့် နွေဈေးကွက်ထဲ အသင်းခံစစ်ပိုင်းအတွက်ကိုသာ ဦးစားပေး အားဖြည့်သွားချင်နေပြီး လက်ရှိမှာတော့ မန်ချက်စတာစီးတီး ခံစစ်မှူး နေသန်အကီကို ခေါ်ယူနိုင်တော့မှာ ဖြစ်သလို ကူလီဘလီရဲ့ အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်ဖို့အတွက် နာပိုလီအသင်းနဲ့သာ ဆက်လက်ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့မှာဖြစ်တဲ့ ကူလီဘလီအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၈)+အပိုဆုကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ကစားသမားဘက်ကလည်း ချယ်လ်ဆီးကို ရောင်းချပေးဖို့ နာပိုလီအသင်းကို ဖိအားပေး တောင်းဆိုဖွယ် ရှိနေပါတယ်။