တချိန်က အီတလီ စီးရီးအေ အင်အားကြီးကလပ် အေစီမီလန်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ဖူးတဲ့ နာမည်ကျော် ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့်ဟောင်း ကာကာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလုံး ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုတို့ နှစ်ဦးအနက် ရိုနယ်ဒိုကသာ ပိုမို ကောင်းမွန်တဲ့ ဘောလုံးသမား ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၃ဦး စာရင်းဝင်တဲ့ ကစားသမားတွေ ဖြစ်ကြပြီး သူတို့နှစ်ဦးအနက် ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာဟာ ဘောလုံးလောကရဲ့ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတပုဒ်ပါပဲ။

Photo Credit: Sky Sports

မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ သူမတူအောင် ထူးချွန်ကြတဲ့ ဘောလုံးသမားတွေ ဖြစ်ကြပြီး မက်ဆီက ပင်ကိုယ် ပါရမီအပိုင်းမှာ ရိုနယ်ဒိုထက် ပိုကောင်းသလို ရိုနယ်ဒိုရဲ့ ကြိုးစား အားထုတ်မှုကလည်း မက်ဆီထက် ပိုသာပါတယ်။

ဒါကြောင့်ပဲ သူတို့နှစ်ဦးအနက် ဘယ်သူက ပိုကောင်းတဲ့ ဘောလုံးသမားလဲ ဆိုတာက ဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်နေပြီး ရိုနယ်ဒိုနဲ့အတူ ရီးရဲလ်မက်ဒရစ်မှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ကာကာကတော့ သူကသာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ နှစ်ယောက်ထဲက တယောက်ကို ခေါ်ရမယ် ဆိုရင် ကြိုးစား အားထုတ်မှု ပိုကောင်းတဲ့ ရိုနယ်ဒိုကို ခေါ်ယူချင်ပြီး ရိုနယ်ဒိုရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ကြိုးစား အားထုတ်မှုတို့ကြောင့် သူ့ကို ခေါ်ယူတဲ့ အသင်းက အရှုံးမရှိဘူးလို့လည်း သုံးသပ်သွားပါတယ်။

Photo Credit: Sky Sports

ကာကာက – “ကျွန်တော်က မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ယောက်စလုံးကို ကွဲပြားတဲ့ အမြင်တွေနဲ့ သဘောကျပါတယ်။ မက်ဆီက ပါရမီရှင်ပါ။ ရိုနယ်ဒိုကတော့ အရမ်းကို ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင်ပေါ့။ အခုချိန်မှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ယောက်ထဲက တယောက်ကို ကျွန်တော့်ရဲ့ အသင်းဆီ ခေါ်ခိုင်းမယ် ဆိုရင် ကျွန်တော်က ရိုနယ်ဒိုကိုပဲ ရွေးပါမယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ခေါ်လိုက်တဲ့ အပြောင်းအရွှေ့က ဆုံးရှုံးနစ်နာနိုင်ချေ အရမ်းကို နည်းလို့ပါ။ သူက အလုပ်အပေါ် အပြည့်အဝ အာရုံစိုက်နိုင်ပြီး သူ ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိတဲ့ ဘောလုံးသမားပါ” လို့ ပြောကြားသွားခဲ့တာပါ။