တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စီးရီးအေ အင်အားကြီးကလပ် အေစီမီလန်အသင်းနဲ့ အတူ ရယူနိုင်ခဲ့ဖူးတဲ့ ဘရာဇီးလ် ဂန္တဝင် ကွင်းလယ်ကစားသမား ကာကာက အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ ကစားကာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ရရှိအောင် ဦးဆောင် ကြိုးစားပေးခဲ့သူ ဖြစ်သလို ယူရို၂၀၂၀ပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်း အတွက် ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လူကာကူကလည်း အသင်းဟောင်း ချယ်လ်ဆီးထံ ပြန်ရောက်တာနဲ့ ချက်ချင်းဆိုသလို အသင်းမှာ အထိုင်ကျခဲ့ကာ ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားပေးခဲ့ရာ ၄ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ခြေစွမ်းပြနေတဲ့ လူကာကူကို ချီးကျူးသံတွေ ညံနေခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ကာကာကတော့ လူကာကူဟာ တချိန်က အင်တာမီလန်အသင်းနဲ့ တောက်ပခဲ့တဲ့ တိုက်စစ်မှူး အက်ဒီယာနိုကို ပြန်လည် မြင်ယောင်စေကြောင်းနဲ့ လက်ရှိမှာ လူကာကူက ကမ္ဘာ့နံပါတ်တစ် တိုက်စစ်မှူး အဖြစ် ထင်မြင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ကာကာက – “ရိုမီလူ(လူကာကူ)က အခုချိန်မှာ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်နေပါပြီ။ သူက ကျွန်တော့်ကို အကောင်းဆုံးပုံစံနဲ့ အက်ဒီယာနိုကို ပြန်ပြီး မြင်ယောင်စေပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ၊ ဉာဏ်ရည်နဲ့ လျင်မြန်မှုက အတော်ကို ကောင်းပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။