ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်း ဝင်ထားတဲ့ ဝိန်းရွန်းနီရဲ့ သားအကြီးဆုံး ဖြစ်သူ ကိုင်ရွန်းနီဟာ ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းကာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာဖို့ တာဆူနေကြောင်း သိရပါတယ်။

Photo Credit: Express

အသက် ၁၁နှစ် အရွယ်သာ ရှိသေးတဲ့ ကိုင်ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်အသင်းနဲ့ စာချုပ် ချုပ်ဆိုထားကာ ယူ-၁၂အသင်းမှာ ပါဝင် ကစားနေသူ ဖြစ်ပြီး ယူ-၁၂အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကိုင်ရွန်းနီကိုယ်တိုင်ကလည်း သူ့ရဲ့ပွဲစဉ်တွေနဲ့ ပတ်သတ်ပြီး သတင်းတွေကို သူ့ရဲ့ အင်စတာဂရမ်အကောင့် ကနေ တဆင့် ပရိသတ်တွေကို အမြဲတမ်း အသိပေးလေ့ရှိပြီး ယမန်နေ့မှာလည်း မန်ချက်စတာ ယူနိုက်တက် ယူ-၁၂နဲ့ လီဗာပူး ယူ-၁၂တို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားခဲ့ကာ ၅-၄ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကိုင်ရွန်းနီဟာ သွင်းဂိုး ၄ဂိုး စလုံးကို တဦးထဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကိုင်ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၂အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲကျော် ကစားပေးထားရာ သွင်းဂိုး ၂၀ကျော် သွင်းယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဝိန်းရွန်းနီရဲ့သား ကိုင်ရွန်းနီက ယူ-၁၂အသင်း အတွက် ပါဝင် ကစားပေးနေသလို ခရစ္စတီယာနို ရိုနယ်ဒိုရဲ့သား ရိုနယ်ဒို ဂျူနီယာကလည်း ယူ-၁၄အသင်း အတွက် ပါဝင် ကစားပေးနေပါတယ်။