ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရွန်းနီကတော့ သူ့ဖခင်ရဲ့ ခြေရာကို နင်းနိုင်စွမ်း ရှိကြောင်း သက်သေပြနေတယ်လို့ သိရပါတယ်။

အသက် ၁၂နှစ် အရွယ်သာ ရှိသေးတဲ့ ရွန်းနီနဲ့ ကောလင်းတို့ရဲ့ သားဦး ရတနာ ကိုင်ရွန်းနီက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၂ လူငယ်အသင်းမှာ ကစားနေပါတယ်။

Photo Credit: Daily Mail

ကိုင်ရွန်းနီက သူ့ရဲ့ ဖခင်လိုပဲ တိုက်စစ်မှူးနေရာမှာ ကစားနေသလို သူ့ဖခင်လိုပဲ သွင်းဂိုးတွေ များစွာ သွင်းယူနိုင်စွမ်း ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်း အတွက် သွင်းဂိုး ၅၆ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၈ကြိမ် အထိ ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ နည်းပြတွေက ကိုင်ရွန်းနီကို အလားအလာ ရှိတဲ့ လူငယ် ကစားသမား တဦး အဖြစ် သတ်မှတ်ထားကြပြီး ကိုင်ရွန်းနီကိုလည်း ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ရွန်းနီကတော့ သူ့သားကြီးရဲ့ ခြေစွမ်းတွေကို သဘောကျနေပြီး ကိုင်ရွန်းနီကို မန်ချက်စတာ ယူနိုက်တက်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်အောင် သူကိုယ်တိုင် အချိန်ရတိုင်း လေ့ကျင့်ပေးနေကြောင်း ရွန်းနီရဲ့ မိသားစုဝင် တဦးက ပြောကြားထားပါတယ်။

ကိုင်ရွန်းနီက ဝိန်းရွန်းနီလိုမျိုး ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာမယ်လို့ ထင်ကြလားဗျ…?