ပူပူနွေးနွေး ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကိုင် ဟားဗက်က သူဟာ ချယ်လ်ဆီးနဲ့ ကမ္ဘာ့ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီနဲ့ ချန်ပီယံဖြစ်ချင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၂ အရွယ်သာ ရှိသေးတဲ့ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင် ဟားဗက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လေဗာကူဆင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

 

Photo Credit: Sky Sports

ကိုင် ဟားဗက်ဟာ ဘောလုံးအရည်အသွေး ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးမှာ ချက်ချင်းဆိုသလို အထိုင်ကျခဲ့ပေမယ့် ကြံ့ခိုင်မှု အားပြု ကစားရတဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် ပတ္တမြားမှန်ရင် နွံမနစ်သလို ကိုင် ဟားဗက်ဟာ အရေးကြီးတဲ့ ပွဲစဉ်တွေကို ရောက်ရင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ ကမ္ဘာ့ကလပ်ဖလား ဖိုင်နယ်တွေမှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ ကမ္ဘာ့ကလပ်ဖလား ရရှိပြီးနောက် ကိုင် ဟားဗက်က သူ့ရဲ့ အောင်မြင်မှုတွေကို အားမရသေးပဲ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂျာမဏီနဲ့အတူ ဗိုလ်စွဲချင်ကြောင်း သူ့ရဲ့ အိမ်မက်တွေကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

ကိုင် ဟားဗက်က – “ကျွန်တော် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရချင်ပါတယ်။ ဒါက သံသယဝင်စရာကို မလိုပါဘူး။ နိုင်ငံပွဲစဉ်တွေ ဆိုတာ ခင်ဗျား ဘယ်လောက် ကောင်းလဲ ဆိုတာကို သက်သေပြနိုင်တဲ့ ပွဲတွေပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က ချယ်လ်ဆီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့တွေက ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ၊ EFLနဲ့ အက်ဖ်အေဖလားတို့မှာ ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ကျွန်တော်က လက်ရှိအချိန်မှာ အဲ့ဒီဆုဖလားတွေ ရယူနိုင်ဖို့ကိုပဲ တွေးထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။