နာမည်ကြီး ဘွန်ဒက်လီဂါအသင်း ဖြစ်တဲ့ လေဗာကူဆင်အသင်းရဲ့ အသက်၂၁နှစ် အရွယ် သာ ရှိသေးတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟားဗက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားကြောင်း လေဗာကူဆင်အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဗိုလာက အင်တာဗျူးတစ်ခု မှာ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ကိုင်ဟားဗက်ဟာ လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်သူ ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ပေးပို့မှုတွေ ၊ အကွက်မြင်တတ်မှုတွေ ကြောင့် နာမည်ကြီးနေသူ ဖြစ်ကာ လက်ရှိမှာ သူ့ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းနဲ့ ချယ်လ်ဆီး ၊ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စပိန်ကလပ် ရီးရဲလ် မက်ဒရစ်အသင်းတို့က ရေပန်းစားနေပါတယ်။

Photo Credit: Express

အသက်၂၁နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်ဟာ လက်ရှိ ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၃၀ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၁၂ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူပါ။ လက်ရှိမှာတော့ Transfer Market ရဲ့ အဆိုအရ ဟားဗက်ရဲ့ တန်ကြေးဟာ ယူရို ၈၁သန်း ဝန်းကျင်မှာ ရှိတယ်လို့ သိထားရပြီး လေဗာကူဆင်အသင်းဘက် ကတော့ သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူအတွက် ပြောင်းရွှေ့ကြေး ယူရို၁၀၀သန်း ဝန်းကျင်အထိ လိုချင်နေပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ပရီးမီးယားလိဂ်အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပိန်ကလပ် ရီးရဲလ် မက်ဒရစ်အသင်းတို့ဟာ ဟားဗက်ကို ခေါ်ယူဖို့ ရေပန်း အစားဆုံး အနေအထားမှာ ရှိနေပြီး လီဗာပူး အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကတော့ စောင့်ကြည့်ဆဲ အနေအထားမှာပဲ ရှိပါတယ်။

Photo Credit: Express

ဗိုလာကတော့ ဟားဗက်နဲ့ သူတို့အသင်းရဲ့ ကြားမှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု တစ်ခုရှိပြီး အဆိုပါ သဘောတူညီမှုဟာ ဟားဗက်အတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးကို ရပါက အသင်းပြောင်းခွင့်ပေးမယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့တာပါ။ ဟားဗက်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဗိုလာက ” အခုချိန်မှာတော့ သတင်းပေးစရာ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ လက်ရှိမှာ ဟားဗက်ဟာ ကျွန်တော်တို့ရဲ့ ကစားသမား ဖြစ်နေဆဲပါ။ ကျွန်တော်တို့မှာ သူနဲ့ ပတ်သတ်​ ပြီး စဉ်းစားထားတာတွေ ရှိပါတယ်။ ပြီးတော့ သူ ဘာတွေလုပ်နိုင်လဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ သူဟာ နောက်ထပ်တစ်နှစ် အသင်းမှာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ သဘောတူညီမှု တစ်ခုတော့ ရှိပါတယ်။ တကယ် လို့ အဲ့ဒီသဘောတူညီမှုသာ ဖြစ်လာခဲ့ရင် သူဟာ အသင်းကနေ နွေရာသီမှာ ထွက်ခွာသွားနိုင်မှာပါ ” လို့ ပြောပြသွားခဲ့ပါတယ်။