ဒီတစ်ပတ် အီတလီစီးရီးအေပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဂျုဗင်တပ်စ်အသင်းနဲ့ ဒီရာသီမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ ဂျုဗင်တပ်စ်အပါအဝင် တခြားသော စီးရီးအေအသင်းတွေအားလုံးထက် တိုက်စစ်အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့တဲ့ အိမ်ရှင်ဂျုဗင်တပ်စ်အသင်းရဲ့ လူစာရင်းမှာတော့ မီလန်နဲ့ပွဲမှာ လွဲချော်ခဲ့ရတဲ့ ဒီဘားလားနဲ့ဒီလစ်တို့ ပြန်လည်ပါဝင်လာခဲ့ပြီး ရော်နယ်ဒို ဘာနာဒက်စကီး ဘန်တန်ကာ ရာဘီအော့ မာတွီဒီ ကွာဒရာဒို ဘနူချီ ဒန်နီလို ရှက်ဇနီတို့အတူ ပွဲထွက်လာခဲ့ပါတယ်။ အတ္တလန်တာအသင်းမှာလည်း ဇာပါတာ အီလီချစ် ဂိုးမက်ဇ်တို့ ဦးဆောင်ထားတဲ့ တိုက်စစ်အစုအဖွဲ့နဲ့ အိမ်ရှင်ကို အကောင်းဆုံးရင်ဆိုင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဧည့်သည်အတ္တလန်တာက ဂျုဗင်တပ်စ်ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တဲ့အပြင် ဦးဆောင်ဂိုးကိုပါ (၁၆)မိနစ်မှာပဲ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီဂိုးကိုတော့ နောက်ဆုံး(၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ အသင်းရဲ့ကိုလံဘီယာတိုက်စစ်မှူးဇာပါတာက သွင်းယူပေးသွားခဲ့ဖြစ်ပြီး ပထမပိုင်းမှာ အဲ့ဒီတစ်ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ ဒီဘားလားကန်ချက်ကို Block လုပ်ခဲ့တဲ့ ဒီရွန်းက ဧရိယာထဲမှာ လက်ထိဘောဖြစ်သွားခဲ့လို့ ဂျုဗင်တပ်စ်ကို ပင်နယ်တီသတ်မှတ်ပေးခဲ့ရာ ရော်နယ်ဒိုက အသင်းအတွက် ချေပဂိုးအဖြစ် အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ သရေကျသွားတဲ့နောက်ပိုင်းမှာတော့ နှစ်သင်းလုံးက အနိုင်ရရေးကို ပိုမိုတည်ကစားလာခဲ့ပြီး (၈၁)မိနစ်မှာတော့ လူစားဝင် ကွင်းလယ်ကစားသမား မာလီနိုစကီးရဲ့ကန်ချက်နဲ့ အတ္တလန်တာတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ မူရီယယ်က ဧရိယာထဲ လက်ထိခဲ့လို့ ဂျုဗင်တပ်စ်တို့ ပင်နယ်တီထပ်ရခဲ့ကာ ရော်နယ်ဒိုကပဲ အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။