အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ဟာ ဖီအိုရင်တီးနားရဲ့ အဓိက တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှု တခု လုပ်တော့မယ်လို့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော် ရေးသားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဆားဘီးယားကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ အီတလီ စီးရီးအေရဲ့ အတောက်ပဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဖီအိုရင်တီးနား အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဘယ်ခြေအားသန် အထောင်တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ကြံ့ခိုင်မှု အားကောင်းသလို တဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘယ်လိုပုံစံနဲ့မဆို သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့ ဂိုးသွင်းမုဆိုး တဦး ဖြစ်တာကြောင့် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ ဂျူဗင်တပ်က သူ့ကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ဂျူဗင်တပ်ဟာ ယနေ့မှာပဲ ဗလာဟိုဗစ် အတွက် ဖီအိုရင်တီးနားထံ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ဖို့ ပြင်ဆင်ထားပြီး ဖီအိုရင်တီးနားကလည်း ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။

Photo Credit: Mirror

ဖီအိုရင်တီးနား ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေပြီး ဂျူဗင်တပ်ကလည်း ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို ပေးချေဖို့ လိုလိုလားလား ရှိနေတာကြောင့် ဗလာဟိုဗစ်ကသာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ရင် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း ဂျူဗင်တပ်နဲ့ နီးစပ်သူတွေကလည်း ဆိုပါတယ်။

ဗလာဟိုဗစ်နဲ့ သူ့ရဲ့အေးဂျင့်တို့ ကတော့ လက်ရှိမှာ ဂျူဗင်တပ်အပြင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးနေကြပြီး ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာက ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်သာ မူတည်ကြောင်းလည်း သိရှိထားရပါတယ်။