ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ နည်းပြ ကလော့ပ်ကတော့ ယနေ့ည (၁၂း၀၀) အချိန် နော်ဝှစ်ချ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် မတိုင်ခင် လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူ့ရဲ့ အကြိုက်က ဂျုဗင်တပ်အသင်း ဖြစ်တယ်လို့ ပြောပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ယူရင်း ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့ပြီး လက်ရှိရာသီမှာတော့ ပရီးမီယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာသလောက် ရှိနေပါပြီ။

Photo Credit: Goal

လီဗာပူးလ်အသင်းအနေနဲ့ ယနေ့ည နော်ဝှစ်ချ်အသင်းနဲ့ ကစားပြီးရင် နောက်အပတ် အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့မနက် (၂း၃၀) အချိန်မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ကတော့ ယနေ့ည နော်ဝှစ်ချ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာပဲ နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းက လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူ့ရဲ့ အကြိုက်ဆုံးပါလို့ ပြောသွားပါတယ်။

Photo Credit: Goal

နော်ဝှစ်ချ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ နည်းပြ ကလော့ပ်က “ရာသီမစခင်ကတည်းက ဂျုဗင်တပ်အသင်းက ကျွန်တော် ကြိုက်တဲ့ အသင်းပါပဲ။ ဒါပေမဲ့ ကျွန်တော် အီတလီ ဘောလုံးပြိုင်ပွဲကို သိပ် မကြည့်ဖြစ်ပါဘူး။ ဘာလို့ သူတို့ စီးရီးအေ ပြိုင်ပွဲမှာ (၁၀) မှတ် ဖြတ်ပြီး မဦးဆောင်ရတာလဲ ဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ သူတို့က ကျွန်တော်ရဲ့ ဘဝမှာ ကျွန်တော် မြင်ခဲ့ဖူးသမျှထဲက အကြီးမားဆုံး အသင်းပါ။ ရူးသွပ်ချင်စရာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။