သိပ်မကြာသေးခင်ကမှ ပေါ်ပေါက်လာခဲ့တဲ့ ဥရောပစူပါလိဂ် ဘောလုံးပြိုင်ပွဲအသစ်မှာ ဝင်ရောက်ကစားကြမယ့် ကလပ်အသင်း(၉)သင်းဟာ ပြိုင်ပွဲကနေ အသီးသီး နုတ်ထွက်ခဲ့ကြပေမယ့်လည်း ပြိုင်ပွဲကို စတင်တည်ထောင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေကတော့ ဒီပြိုင်ပွဲကြီး ဆက်လက်ကျင်းပနိုင်အောင် စီစဉ်လျက်ရှိနေတာကြောင့် ဂျုဗင်တပ်စ်အနေနဲ့ ဒီပြိုင်ပွဲကနေ မနုတ်ထွက်လာနိုင်ဘူးဆိုရင် အီတလီစီးရီအေပြိုင်ပွဲကနေပါ ထုတ်ပယ်ခံရနိုင်တယ်လို့ အီတလီဘောလုံးအဇွဲ့ချုပ်ကနေ သတိပေးသွားခဲ့ပါတယ်။

Photo Credit : BBC

ဘောလုံးလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲဟာ ဝေဖန်ပြစ်တင်မှုတွေကြောင့် ပြိုင်ပွဲဝင်ဖို့ စာရင်းပေးထားတဲ့ အင်္ဂလန်ကလပ်အသင်း (၆)သင်း စပိန်ကလပ် (၁)သင်းနဲ့ အီတလီကလပ် (၂)သင်းတို့က ပြိုင်ပွဲကို ကျောခိုင်းထွက်ခွာခဲ့ကြပေမယ့် ရီးယဲလ် ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတွေကတော့ ဆက်လက်ကျန်ရှိနေသေးတဲ့အပြင် စူပါလိဂ်ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပခွင့်ရနိုင်အောင်ပါ ကြိုးပမ်းလျက် ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒီအသင်းတွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် သတိပေးထားသလို အခုလည်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ဂျုဗင်တပ်စ်အသင်းက သတိပေးလာခဲ့ပါတယ်။

Photo Credit : Goal

ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ စူပါလိဂ်မှာ ဝင်ရောက်ဆင်နွဲဖို့ လက်ခံခဲ့ပြီးမှ ပြိုင်ပွဲကနေ ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ကလပ်အသင်း (၉)သင်းကို UEFA ကနေ ပေးအပ်သွားမယ့် ဆုကြေးငွေတွေထဲကမှ ရာခိုင်နှုန်းအနည်းအများအလိုက်သာ ဖြတ်တောက်သွားမှာ ဖြစ်ပေမယ့် စူပါလိဂ်ကနေ အခုထိ မထွက်ခွာလာသေးတဲ့ ကလပ်အသင်း (၃)သင်းကိုတော့ UEFA လက်အောက်မှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားဖို့အထိပါ ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းအနေနဲ့လည်း FIGC ဘက်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိပဲ ရှေ့ဆက်တိုးနေမယ်ဆိုရင် လာမယ့်ဘောလုံးရာသီအတွင်း စီးရီးအေကလပ်အသင်း စာရင်းသွင်းတဲ့အခါမှာ ချန်လှပ်ခံရနိုင်တယ်လို့ FIGC ဥက္ကဌဖြစ်သူက သတိပေးလိုက်ပါတယ်။ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်ရှိနေပြီး ချန်ပီယံဆုကို လက်လွတ်ထားရတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်လာရနိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။