စပိန်အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ဟာ အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေပြီ လို့ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို ထုတ်ပြဖို့ အတွက် ခက်ခဲခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ကိုးမန်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်တော့ဘူး လို့ သိရပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ် ကို လက်ရှိ နွေစျေးကွက် အတွင်းမှာ အသင်း ကနေ ပြောင်းရွှေ့ဖို့ အတွက် အသင်းသစ် ရှာခိုင်းထားပြီး ဆွာရက်ဇ်ကလည်း သူ့ကို အလိုမရှိတဲ့ အပြင် လေးစားမှုပါ ကင်းမဲ့တဲ့ ဘာစီလိုနာ အသင်းမှာ ဆက်လက်ရှိနေဖို့ ဆန္ဒမရှိတော့ပဲ သူ့ရဲ့ အေးဂျင့်ကို အသင်းသစ် ရှာဖွေခိုင်းထားပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အသင်းဟောင်း အေဂျက် ၊ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေကြတယ် လို့ သိရှိထားရပြီး Goal သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ်အသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အတော်လေးကို နီးစပ်နေကြောင်း သိရှိရပါတယ်။

Photo Credit: Express

Goal သတင်းဌာနရဲ့ ဖော်ပြချက် အရ ဂျူဗင်တပ်အသင်းဟာ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေရာမှာ အတော်လေးကို အောင်မြင်မှု ရရှိနေပြီး မကြာမီမှာပဲ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိနိုင်တော့မယ် လို့ သိရပါတယ်။ ကနဦးမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပေးပြီး ဆွာရက်ဇ်အား အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးမယ် လို့ သိထားရပေမယ့် ဂျူဗင်တပ် အသင်းက ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးပါ့မလား ဆိုတာက သံသယ ရှိစရာပါပဲ။ အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ ဟီဂူအင် ကို စာချုပ်ဖျက်သိမ်းပြီး ဆွာရက်ဇ်ကို အသင်းထံ ခေါ်ယူလိုနေကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ မရပါကလည်း ပြောင်းရွှေ့​ကြေး ယူရို ၁၅သန်းခန့် သုံးပြီး ဆွာရက်ဇ်ကို ခေါ်ယူလိမ့်မယ် လို့ သုံးသပ်ထားကြပါတယ်။