အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ်ပေါ့ဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mirror သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မယ် လို့ သတင်းကြီးနေသူ တစ်ဦး ဖြစ်ကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ပေါ့ဘာရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ပေါ့ဘာဆိုတဲ့ နာမည်တစ်လုံး ရအောင် တည်ဆောက်ခဲ့တဲ့ နေရာကတော့ ဂျူဗင်တပ် အသင်းပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ် အသင်းမှာ အထိုက်အလျောက် နာမည်ရလာပြီးမှ ပေါ့ဘာဟာ ငယ်ဘဝ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၈၇သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်လက် နေထိုင်လိုစိတ် မရှိတော့သလို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့လည်း စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ချက် ချထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မဖြစ်မနေ သူ့ကို ရောင်းချရတော့မှာပါ။

Photo Credit: Standard

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းခန့် ရရှိလိုနေကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပေါ့ဘာကို ခေါ်ယူဖို့ လက်ရှိမှာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းဟာ ဂျူဗင်တပ် အသင်း တစ်သင်းထဲသာ ရှိပြီး ပေါ့ဘာကလည်း ဂျူဗင်တပ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ လိုနေပေမယ့် ကိုရိုနာဗိုင်းရပ် ကာလကြောင့် ဘဏ္ဏာ‌ရေး အကြပ်အတည်းတွေ ရှိနေတဲ့ ဂျူဗင်တပ် အသင်းဟာ ပေါ့ဘာကို ငွေသားနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေမှာ မရှိပါဘူး။ ဂျူဗင်တပ် အသင်းနဲ့ နီးစပ်တဲ့ သတင်းဌာန ဖြစ်တဲ့ Calcio Mercato သတင်းဌာန ကတော့ ဂျူဗင်တပ် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ရာသီဝက်အငှား+ ရာသီကုန်မှာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။