အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမား ခေါ်ယူရာမှာ ဆရာကျတဲ့ အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ကတော့ စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ ၂၀၁ရခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၃ဝသန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသထားနိုင်ခြင်း မရှိပဲ ဒဏ်ရာတွေနဲ့သာ အချိန်ကုန်နေရသူ တစ်ဦးပါ။

Photo Credit: Forbes

ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ ပိတ်သိမ်းသွားတဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဒမ်ဘီလီကို မန်ယူအသင်းထံ ရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မန်ယူအသင်း ကတော့ ဒမ်ဘီလီကို တစ်ရာသီအငှားနဲ့သာ ခေါ်ယူလိုတာကြောင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့ပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ ၂၀၂၂ ခုနှစ် ဇွန်လအကုန်မှာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်မှာ ဖြစ်ပြီး အဆိုပါ စာချုပ် သက်တမ်း ကုန်ဆုံးပါက ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ဒမ်ဘီလီရဲ့ အေးဂျင့်တွေဟာ ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

Photo Credit: Forbes

ဘာစီလိုနာအသင်း ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရတဲ့ ဒမ်ဘီလီကို လက်ရှိရာသီမှာ နောက်ဆုံး အခွင့်အရေး တစ်ခုပေးကာ စောင့်ကြည့်သွားမှာ ဖြစ်ပြီး ဒမ်ဘီလီရဲ့ ခြေစွမ်းသာ ကောင်းမွန်လာခြင်း မရှိပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒမ်ဘီလီကို ရောင်းချသွားမှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ဒမ်ဘီလီနဲ့ နီးစပ်တဲ့သူတွေ ကတော့ ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းရဲ့ လုပ်ရပ်တွေအပေါ် သံသယ ဝင်နေပြီး သူ့ကို မန်ယူအသင်းဆီ ရောင်းချဖို့ စီစဉ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေကြောင်း ဖွင့်ဟထားကြပါတယ်။ ဒမ်ဘီလီဟာ ပင်ကိုယ် ခြေစွမ်း ကောင်းမွန်သူ တစ်ဦးဖြစ်တာကြောင့် သူ့ကိုသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရှိပါက ဥရောပ အသင်းကြီး အများစုဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစား လာနိုင်ပါတယ်။