အီတလီစီးရီးအေပြိုင်ပွဲကတော့ ပွဲစဉ်(၃၄)အထိ ရောက်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ စီးရီးအေချန်ပီယံဆုအတွက် ဂျုဗင်တပ်စ်အသင်းက ဦးဆောင်ထားနိုင်တယ်ဆိုပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်ကို နိုင်ပွဲပျောက်ထားခဲ့ပြီး သူရြဲ့့ပိုင်ဘက်တွေပါ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတာကြောင့် ချန်ပီယံဆုအတွက်က စဉ်းစားရခက်နေနိုင်သေးတဲ့ အခြေအနေဖြစ်နေရကာ ဒီနေ့ညမှာတော့ သူတို့အသင်းကို တစ်ရာသီလုံးနီးပါး ဖိအားပေးထားနိုင်ခဲ့တဲ့ လာဇီယိုအသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းက မီလန်ကိုရှံး အတ္တလန်တာနဲ့ဆာဆူအိုလိုအသင်းတွေကို သရေကျအောင် မနည်းကစားခဲ့ရတယ်။ အသင်းရဲဲ့တိုက်စစ်က အားကောင်းနေပေမယ့်လည်း ကွင်းလယ်နဲ့ခံစစ်ပိုင်းတွေမှာ မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင် အားနည်းနေတယ်။ ဒီ(၃)ပွဲအတွင်းမှာပဲ ခံစစ်က (၉)ဂိုးအထိတောင် ခွင့်ပြုထားရပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်က ဒီရာသီ စီးရီးအေမှာ အိမ်ကွင်းရှံးပွဲမရှိသေးတာကိုတော့ သတိမူရပါမယ်။ ဒီပွဲကို နိုင်လိုက်မယ်ဆိုရင်တော့ အဆင့်(၂)နေရာကို အင်တာကိုလည်း ရမှတ်(၈)မှတ်အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

Photo Credit : Getty Image

လာဇီယိုကတော့ စီးရီးအေပြန်လည်စတင်ချိန်ကတည်းက ရလဒ်တွေ ကမောက်ကမ ဖြစ်လွန်းနေခဲ့တာကြောင့် အဆင့်(၄)နေရာထိတောင် ကျဆင်းလာခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်မှာလည်း နိုင်ပွဲက လုံးဝကို မရှိထားခဲ့ပါဘူး။ ပိုဆိုးတာကတော့ အသင်းရဲ့ဂိုးသွင်းစက် အင်မိုဘီလီကိုယ်တိုင် ဂိုးပေါက်တွေပျောက်ဆုံးနေရပြီး ယုံကြည်မှုတွေပါ ပျောက်ဆုံးလို့နေရပါတယ်။ ဒီပွဲမှာသာ ထပ်ပြီးခြေချော်ခဲ့ရမယ်ဆိုရင်တော့ လာဇီယိုရဲ့ချန်ပီယံမျှော်လင့်ချက်လည်း အဆုံးသတ်သွားနိုင်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနည်းငယ်ဖိအားဝင်လာနိုင်ပါတယ်။

အတ္တလန်တာနဲ့ပွဲကလွဲပြီး မီလန်နဲ့ဆာဆူအိုလိုပွဲတွေမှာ ဂျုဗင်တပ်စ်အသင်းရဲ့သွင်းဂိုးရပြီးနောက်ပိုင်း ကစားအားအနည်းငယ်ချကရာကနေ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာကို မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် လာဇီယိုကလည်း နောက်ဆုံး(၄)ပွဲအတွင်းမှာ သွင်းဂိုးက(၂)ဂိုးပဲ ရှိထားတဲ့အထိ ရုပ်ပျက်ဆင်းပျက်နိုင်နေတာကြောင့် အားနည်းနေတဲ့ ဂျုဗင်တပ်စ်ခံစစ်ကို ဒုက္ခပေးနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဂျုဗင်တပ်စ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး(၂)ပွဲဆက် လာဇီယိုတို့ အနိုင်ရခဲ့ပေမယ့် အခုပွဲမှာတော့ အမြင့်ဆုံး သရေပဲ မှန်းနိုင်ပါလိမ့်မယ်။ ဂျုဗင်တပ်စ်ပဲ ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။