အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ဒေါ့မွန်အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဝစ်ဆယ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၃ရာသီ အတွင်းမှာ ကစားသမား ခေါ်ယူမှု အမှားတွေကို ပြုလုပ်မိခဲ့သလို မျှော်မှန်းထားသလို အောင်မြင်မှုတွေကိုလည်း မရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျူဗင်တပ်အသင်းဟာ အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီး ယခင်ကလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ကစားသမားတွေကိုသာ အဓိကထား ခေါ်ယူမယ့် အပြောင်းအရွှေ့ ပေါ်လစီကို ချမှတ်ထားပါတယ်။

Photo Credit: Sports Buzzer

ဒါကြောင့်ပဲ ဂျူဗင်တပ်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် ဇွန်လမှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဝစ်ဆယ်ကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး ဒေါ့မွန်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ ဝစ်ဆယ်ကလည်း ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Sports Buzzer

အသက် ၃၂နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဝစ်ဆယ်ဟာ ဗဟိုကွင်းလယ်နေရာနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက ကွင်းလယ်ခံစစ်နေရာမှာ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့ ကစားသမား တဦးကို လိုချင်နေတာကြောင့် ဂျူဗင်တပ်အသင်းဟာ ဝစ်ဆယ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ဝစ်ဆယ်ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာပြီး အကယ်၍ ဒေါ့မွန်အသင်းကသာ သဘောတူမယ် ဆိုရင် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ဝစ်ဆယ်ကို ပြောင်းရွှေ့ကြေး အနည်းငယ် ပေးချေကာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိကြောင်း သိရပါတယ်။