အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ သြစတီးယား နောက်ခံလူ အလာဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အချိန်မှာပဲ စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စပိန် လက်ရွေးစင် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လာမယ့် ဘောလုံးရာသီ အကုန််မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: AS English

ဒါ့ကြောင့်ပဲ ဂျူဗင်တပ်အသင်းဟာ ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး အီတလီ သတင်းထောက်တွေရဲ့ အဆိုအရ ဂျူဗင်တပ်အသင်းဟာ ရာမို့စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ရာမို့စ်ဟာ အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ရာမို့စ်ကို စာချုပ်သစ် ကမ်းလှမ်းဖွယ် ရှိပေမယ့် အဆိုပါ စာချုပ်သစ်မှာ ရာမို့စ်ဟာ လစာငွေ လျှော့ယူရဖွယ် ရှိတာကြောင့် ရာမို့စ်အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်နေဖို့ ခက်ခဲနေပါတယ်။

Photo Credit: AS English

တစ်ဖက်မှာတော့ ဂျူဗင်တပ်အသင်းက ရာမို့စ်ကို သူအလိုရှိတဲ့ လုပ်ခလစာအတိုင်း ပေးချေဖို့ စိတ်ကူးထားပြီး လစာပမာဏဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာထက် နည်းပါးမှာ မှန်ပေမယ့် အီတလီရဲ့ အခွန်ပေးဆောင်ရတဲ့ ရာခိုင်နှုန်းဟာ စပိန်ထက် ပိုပြီး နည်းပါးတာကြောင့် ရာမို့်စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ အခွန်ဆောင်ပြီးရင် ရမယ့် ပမာဏအတိုင်း ဂျူဗင်တပ်အသင်းမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်အသင်းမှာ ရာမို့စ်ရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒို ရှိနေတာဟာ ရာမို့စ်အနေနဲ့ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ချင်အောင် ဆွဲဆောင်ထားတဲ့ အရာတစ်ခုဖြစ်ပြီး စီရိုနယ်ဒိုဟာလည်း သူနဲ့အတူ ဂျူဗင်တပ်အသင်းမှာ လာရောက် ကစားဖို့ ရာမို့စ်ကို ဖိတ်ခေါ်ထားကြောင်း ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။