အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အီတလီ လက်ရွေးစင်အသင်းနဲ့ အတူ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနေတဲ့ ဆက်ဆူအိုလိုအသင်းရဲ့ ကွင်းလယ်လူ လိုကာတယ်လီကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ လိုကာတယ်လီဟာ ယူရို၂၀၂၀ပြိုင်ပွဲ မစတင်မီကတည်းက ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံထားရတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ် ၊ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ပါဝင်နေပါတယ်။

Photo Credit: One Football

လက်ရှိမှာတော့ လိုကာတယ်လီဟာ အီတလီအသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေနိုင်ပြီး ၂ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ အီတလီအသင်းဟာ နိုင်ပွဲတွေကို သက်တောင့်သက်သာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လိုကာတယ်လီဟာ ဗဟိုကွင်းလယ် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ပေးပို့မှုတွေဟာ တိကျ ကောင်းမွန်မှု ရှိသလို ခံစစ်ပိုင်းကိုလည်း ကူညီနိုင်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အသင်းတွေ ပိုမို များပြားလာပြီး ဂျူဗင်တပ်အသင်း ကတော့ တခြားအသင်းတွေကို လက်ဦးမှု ရယူကာ လိုကာတယ်လီ အတွက် ဆက်ဆူအိုလိုအသင်းထံ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာပါတယ်။

Photo Credit: One Football

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ လိုကာတယ်လီအတွက် တရားဝင် ကမ်းလှမ်းမှုကို မကြာခင်မှာပဲ ပြုလုပ်ဖို့ စီစဉ်နေပြီး လိုကာတယ်လီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့အတူ အသင်းရဲ့ လူငယ် ခံစစ်မှူး ဒရာဂူဆင်ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ဆက်ဆူအိုလိုအသင်း ကတော့ လိုကာတယ်လီ အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၅သန်း သတ်မှတ်ထားကာ လိုကာတယ်လီကတော့ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို ယူရို ၂၀၂၀ပြိုင်ပွဲ ပြီးဆုံးမှသာ ချမှတ်သွားမယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လိုကာတယ်လီက – “ အပြောင်းအရွှေ့ သတင်းတွေကတော့ အဆက်မပြတ် ထွက်ပေါ်နေတာပါပဲ။ ဒါပေမယ့် ယူရို ၂၀၂၀ပြိုင်ပွဲပြီးမှပဲ ကျွန်တော့်ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာပါ။ အခုဆို ကျွန်တော်က အရမ်းကို အရေးပါတဲ့ ပြိုင်ပွဲကြီး တခုကို ပါဝင် ယှဉ်ပြိုင်နေပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီပြိုင်ပွဲအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်” လို့ ပြောကြားထားတာပါ။