အီတလီ စီးရီးအေ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းကတော့ အေစီမီလန်အသင်းနဲ့ အီတလီ လက်ရွေးစင်အသင်းတို့ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အပူတပြင်း ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီ လက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အေစီမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦးဖြစ်ပြီး လက်ရှိမှာ အေစီမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် သဘောတူညီမှုတော့ မရရှိသေးပါဘူး။

Photo Credit: Football Italia

ဒါကြောင့်ပဲ လက်ရှိမှာ ဒွန်နာရမ်မာကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး အေစီမီလန်အသင်း ကတော့ သူတို့အသင်းရဲ့ ငယ်မွေးခြံပေါက် ဂိုးသမား ဖြစ်တဲ့ ဒွန်နာရမ်မာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Football Italia သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ ဂန္တဝင် ဂိုးသမားဖြစ်သူ ဘူဖွန်ကို ခေါ်ယူခဲ့သလိုမျိုးပဲ ဒွန်နာရမ်မာကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး တစ်နှစ်လုပ်ခလစာ ယူရို ၁၀သန်းအထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Football Italia

ဒွန်နာရမ်မာဟာ လက်ရှိ အေစီမီလန်အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၆သန်း ရရှိနေတဲ့ ကစားသမားတဦး ဖြစ်ပြီး အေစီမီလန်အသင်းနဲ့ နီးစပ်သူတွေကတော့ ဒွန်နာရမ်မာနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာတို့ဟာ စာချုပ်သစ်မှာ တစ်နှစ်လုပ်ခ ယူရို ၁၂သန်းနီးပါး အထိ ရရှိလိုနေကြောင်း ဖွင့်ဟထားကြပါတယ်။ အေစီမီလန်အသင်း ကတော့ ဒွန်နာရမ်မာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပေမယ့် ဒွန်နာရမ်မာဘက်က တောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခ ယူရို ၁၂သန်း ဆိုတဲ့ လုပ်ခလစာကို ပေးချေဖို့ ခက်ခဲနိုင်တဲ့ အနေအထားကြောင့် ဒွန်နာရမ်မာကိုသာ လက်လွှတ်လိုက်ရပါက သူ့ရဲ့နေရာ အတွက် အစားထိုးမှုအဖြစ် ပြင်သစ်အခြေစိုက် လိုင်လီအသင်းရဲ့ ဂိုးသမားဖြစ်သူ မိုင်နန်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်းလည်း Football Italiaက ဆိုပါတယ်။