အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာဟာ ပီအက်စ်ဂျီရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် အသက်အရွယ် ရလာတာကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ဒီမာရီယာကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

ဒီမာရီယာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးသာ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ကာ လက်ရှိအချိန်မှာ မေဂျာလိဂ် ကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် ဒီမာရီယာကတော့ သူဟာ ဥရောပရဲ့ ဘောလုံးဇာတ်ခုံပေါ်မှာ ဆက်လက် ကစားနိုင်စွမ်း ရှိတာကြောင့် ဥရောပ နာမည်ကြီးကလပ်တွေဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဂျူဗင်တပ်က ဒီမာရီယာ အတွက် သင့်တော်တဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေဟာ ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ပီအက်စ်ဂျီနဲ့ ဒီမာရီယာတို့ကြားမှာ ရှိနေတဲ့ လက်ရှိစာချုပ်ထဲမှာ နောက်ထပ် ၁နှစ် စာချုပ်သက်တမ်း တိုးနိုင်မယ့် အချက်အလက် ပါဝင်နေပေမယ့် ပီအက်စ်ဂျီက ဒီမာရီယာကို စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂျူဗင်တပ်က ဒီမာရီယာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အလွန်အမင်း နီးစပ်နေကြောင်း သိရပါတယ်။