အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော်နဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီးနောက် ဒီလစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုခံစစ်မှူး တဦးကို ရှာဖွေနေရာ အင်တာမီလန်ရဲ့ နံပါတ်တစ် ပစ်မှတ် ဗဟိုခံစစ်မှူး ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူး ဘရီမာက တိုရီနိုနဲ့အတူ စီးရီးအေပြိုင်ပွဲမှာ တောက်ပနေတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုရီနိုအတွက် စီးရီးအေပြိုင်ပွဲမှာ ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Tutto Sports

ဘရီမာက မော်ဒန် ခံစစ်မှူးတွေလို ဘောလုံးပေးပို့ရာမှာ ထူးချွန်တဲ့ ခံစစ်မှူး တဦး မဟုတ်ပေမယ့် သူ့ရဲ့ မာကျောမှုနဲ့ ခံစစ်နည်းစနစ် ကျေညက်မှုတို့ကြောင့် ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းကို အိမ်မက်ဆိုးတွေ ပေးစွမ်းနိုင်သူ ဖြစ်ပြီး သူဟာ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင် ထိပ်တန်း ခံစစ်မှူးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ဘရီမာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဂျူဗင်တပ်က ဘရီမာကို အင်တာမီလန်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

Photo Credit: Tutto Sports

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဘရီမာကို ခေါ်ယူဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သူတို့အသင်းဟာ ဘရီမာကို အင်တာမီလန်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။

တိုရီနိုကတော့ သူတို့အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ဘရီမာကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဘရီမာအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း နီးစပ်ရာလူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။