အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့အတွက် သူတို့ရဲ့တိုက်စစ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပြီး နည်းပြအီဂေါ တူဒေါရဲ့ အဓိကပစ်မှတ်ကတော့ မနှစ်ကမှ ပီအက်စ်ဂျီကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပြင်သစ် တိုက်စစ်မှူး ရွန်ဒါ ကိုလို မူအာနီ ဖြစ်တယ်လို့ ထိပ်တန်းသတင်းတွေက ဖော်ပြလိုက်ပါတယ်။

ဒီအခြေအနေကြောင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းကို ခေါ်ယူဖို့ အစီအစဉ်ကတော့ ဦးစားပေးအဆင့်မှာ မရှိတော့ဘူးလို့ သိရပါတယ်။

Photo Credit : The New York Times

နာမည်ကျော် အီတလီသတင်းစာ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူနိုက်တက်က ဟွိုင်းလန်းနဲ့ ဘိုလော့ဂ်နာအသင်းက ဆန်တီယာဂို ကက်စ်ထရိုတို့ကို ဖြစ်နိုင်ခြေရှိတဲ့ ခေါ်ယူမှုတွေအဖြစ် စဉ်းစားခဲ့ပေမယ့် နည်းပြတူဒေါကိုယ်တိုင်က ကိုလို မူအာနီကိုသာ ပထမဦးစားပေးအဖြစ် ခေါ်ယူပေးဖို့ အသင်းကို တိတိကျကျ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ကနေဒါတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးဖြစ်ပေမယ့် သူနဲ့ တွဲဖက်ကစားပေးမယ့် တိုက်စစ်တွဲဖက်တစ်ဦးကို ထပ်မံအင်အားဖြည့်တင်းလိုနေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပြီး ဒူဆန် ဗလာဟိုဗစ်ကို အေစီမီလန်အသင်းက စိတ်ဝင်စားနေသလို တောင်ပံကစားသမား တင်မိုသီ ဝီယာကလည်း မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဒီကစားသမားတွေကို ရောင်းချမှုကနေရလာတဲ့ ငွေကြေးတွေကို အသင်းကိုပြန်လည်အင်အားဖြည့်တင်းဖို့ ဂျူဗင်တပ်စ်တို့က မျှော်လင့်နေပါတယ်။

Photo Credit : Juventus FC

တခြားတစ်ဖက်မှာလည်း သူတို့ဟာ ဖရန်စစ္စကို ကွန်ဆီကာအိုကို အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ပြီး ဂျေဒန် ဆန်ချိုကို ခေါ်ယူမယ့် အပြောင်းအရွှေ့ကတော့ တိုးတက်မှုသိပ်မရှိသေးပါဘူး။ တိုက်စစ်ပိုင်းသာမက ဂျူဗင်တပ်စ်ဟာ ကွင်းလယ်အတွက်လည်း ကစားသမားသစ်တွေ ရှာဖွေနေပါတယ်။ စပို့တင်း လစ္စဘွန်းက မော်တင် ဟွိုင်းမန်း၊ တော့တင်ဟမ် ဟော့စပါးအသင်းက အီးစ် ဘစ်ဆူးမားတို့နဲ့ သတင်းတွေထွက်နေသလို ဖီနာဘာချီအသင်းရဲ့ ဆိုဖီယန် အမ်ရာဘတ်ကိုလည်း စိတ်ဝင်စားကြောင်း ပြသထားပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုလို မူအာနီဟာ နည်းပြ လူးဝစ် အင်းနရစ်ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပုံမရတဲ့အတွက် ဂျူဗင်တပ်စ်အနေနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်း ပိုင်ဆိုင်ထားပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဥရောပရဲ့ထိပ်တန်းလိဂ်တစ်ခုမှာ ပုံမှန်ကစားခွင့်ရမယ့် တူရင်မြေကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေဖွယ် ရှိနေပါတယ်။