ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေတဲ့ နိုင်ငံတွေထဲမှာ အဆိုးရွားဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အီတလီနိုင်ငံဟာ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ Lock Down ပြုလုပ်ထားရတဲ့ နိုင်ငံဆိုတာ အားလုံးလည်း သိရှိကြမှာပါ။ နိုင်ငံ အတွင်းမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးဟာ ရပ်ဆိုင်းခဲ့ရပြီး ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ စီးရီးအေပြိုင်ပွဲဟာလည်း လက်ရှိမှာ ယာယီရပ်တန့်ထားခဲ့ရပါတယ်။ ပြိုင်ပွဲကို ရပ်တန့်ထားရတာကြောင့် အသင်းတွေဟာ ကွင်းဝင်ကြေးတွေ ရရှိခြင်းမရှိတော့ပဲ ကစားသမားတွေကို လစာငွေပေးချေဖို့ အခက်အခဲတွေ ရှိလာကြပြီး လက်ရှိမှာတော့ စီးရီးအေ အင်အားကြီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကတော့ သူ့ရဲ့ ကစားသမားတွေ ၊ နည်းပြတွေနဲ့ လစာငွေလျှော့ချဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit: Standard.com

ဂျူဗင်တပ်အသင်းဟာ ကိုရိုနာဗိုင်းရပ် ဂယက်ထနေတဲ့အချိန်မှာ အသင်းရဲ့ ဝင်ငွေပိုင်းဟာလဲ ထိခိုက်ခဲ့ရတာကြောင့် ကစားသမားတွေကို လစာငွေ ကန့်သတ်ဖို့ စီစဉ်ခဲ့ရပြီး အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာလဲ ဂျူဗင်တပ်အသင်းရဲ့ စီမံမှုကို လက်ခံခဲ့ကြတယ် လို့ သိရှိရပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ တရားဝင် ထုတ်ပြန်ကြေညာမှုမှာတော့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ လစာငွေလျှော့ချဖို့ အစီအစဉ်ကို သဘောတူညီခဲ့ကြောင်းနဲ့ အသင်းဘက်ကလည်း အသင်းနဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူး အထူးပင် တင်ရှိကြောင်း ပါဝင်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျူဗင်တပ် အသင်းရဲ့ ကစားသမားတွေဟာ စုစုပေါင်း ယူရို ၉၀သန်း ပမာဏရှိတဲ့ လစာငွေကို လျှော့ချကာ ရယူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: Standard.com

ဂျူဗင်တပ်အသင်းရဲ့ ထုတ်ပြန်ကြေညာမှုမှာတော့ ” ဂျူဗင်တပ်အသင်းအနေနဲ့ ထုတ်ပြန် ကြေညာစရာ တချို့ရှိနေပါတယ်။ အဲ့ဒါကတော့ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအနေအထားတွေကြောင့် အသင်းရဲ့ လုပ်ဆောင်မှုတချို့ဟာလဲ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီရာသီအတွက် ကစားသမားတွေရဲ့ လစာတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချကာ ပေးချေသွားဖို့အတွက် သဘောတူညီမှု ရယူခဲ့ရပါတယ်။ ကစားသမားတွေနဲ့ ညှိနှိုင်းခဲ့မှုအရ လျှော့ချခဲ့တဲ့ လစာ ပမာဏဟာ မတ်လ ၊ ဧပြီလ ၊ မေလ ၊ ဇွန်လ လေးလစာ လစာငွေပေးချေမှု ပမာဏနဲ့ ညီမျှပါတယ်။ လာမယ့်အပတ်တွေမှာတော့ ကစားသမားတေ​ွ ၊ နည်းပြတွေနဲ့ ဥပဒေအတိုင်း ညှိနှိုင်း လုပ်ဆောင်မှုတွေကို ဆက်လက် ပြုလုပ် သွားမှာပါ။ ဒီလုပ်ဆောင်မှုကြောင့် ဘဏ္ဏာရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေမှာ ယူရို ၉၀သန်းနီးပါး ရရှိလိုက်သလိုပါပဲ။ အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။ ဒီရာသီရဲ့ ပွဲစဉ် အနေအထားတေ​ွကို ပြန်လည်စီစဉ်ရမှာဖြစ်တာကြောင့် ကစားသမားတွေနဲ့ နည်းပြတွေကို ပွဲတွေရဲ့ အနေအထားပေါ်မူတည်ပြီး လစာပေးခေိမှုတွေကို ပြန်လည် ဆွေးနွေးသွားမှာပါ။ အခုလို ခက်ခဲတဲ့ အချိန်ကာလမှာ ပူးပေါင်းဆောင်ရွက် ပေးခဲ့တာကြောင့် ကစားသမားတွေရော ၊ နည်းပြတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ် ” လို့ ပါဝင်ပါတယ်။