ဂျုဗင်တပ်စ်အသင်းကတော့ သူတို့ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားဖို့အတွက် ပြောင်းရွှေ့ကြေး အသုံးပြုတာထက် အသင်းရဲ့ ကစားသမားတချို့နဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ကိုသာ စိတ်ဝင်စားနေတာကြောင့် လက်ရှိအချိန်မှာတော့ သူတို့ရဲ့ကစားသမားဟောင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အသင်းသားတွေဖြစ်တဲ့ ပေါ်လိုဒီဘားလားနဲ့ ဖရက်ဒရစ်ကိုဘာနာဒက်စကီးတို့ကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားပေါ့ဘာဟာ နှစ်တိုင်းနီးပါးလိုလို သူရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်နေတတ်ပြီး မကြာသေးခင်ကလည်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိင်အိုလာက ဒီနှစ်ဘောလုံးရာသီက သူရဲ့ကစားသမားရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို ဒီစကားတွေအပြီးမှာလည်း ပေါ့ဘာရဲ့ အသင်းသစ်က ဂျုဗင်တပ်စ်ဖြစ်လာလိမ့်မယ်လို့ပါ မှတ်ချက်ပြုပြောဆိုခဲ့ပါသေးတယ်။ ဂျုဗင်တပ်စ်အသင်းဘက်ကလည်း သူတို့ရဲ့ကစားသမားဟောင်းပေါ့ဘာကို အသင်းဆီ ပြန်လည်အလိုရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။

Photo Credit : Daily Mail

ESPN သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ဂျုဗင်တပ်စ်အသင်းက ပေါ့ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးသုံးစွဲခြင်းထက် အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲလို့နေတဲ့ ကစားသမားတွေကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ကိုပဲ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို ယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ပြီးနောက်ပိုင်းကတည်းက ပေါ့ဘာကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ကို အမြဲလိုလို မျှော်လင့်လို့ထားသလို စျေးကွက်တိုင်းလိုလိုမှာလည်း ပေါ့ဘာကို ပြန်လည်ပိုင်ဆိုင်နိုင်ရေးအတွက် ကမ်းလှမ်းမှုအမျိုးမျိူးနဲ့ ကြိုးပမ်းခဲ့ပါသေးတယ်။ ယူနိုက်တက်ဘက်ကတော့ အပြောင်းအရွှေ့ကောလဟာလတွေ မကြာခဏ ထွက်ပေါ်နေရတဲ့ ပေါ့ဘာကို အသင်းကနေ လက်လွတ်သွားချင်နေပေမယ့် ဂျုဗင်တပ်စ်ဘက်ကနေ ကမ်းလှမ်းထားတဲ့ ဒီဘားလားနဲ့ တိုက်ရိုက်လဲလှယ်မယ့် ကမ်းလှမ်းချက်ကိုတော့ သိပ်ပြီးစိတ်တိုင်းမကျတာကြောင့် ဒီဘားလားအပြင် နောက်ထပ်တိုက်စစ်အားသန် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘာနာဒက်စကီးကိုပါ တွဲဖက်အလိုက်ပေးဖို့ ပြင်ဆင်လို့နေပြီး ဒီကမ်းလှမ်းမှုသာ လက်တွေ့ဖြစ်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ဘက်ကနေလည်း လက်ခံသွားဖွယ် ရှိလာနိုင်ပါတယ်။