ဂျုဗင်တပ်စ်အသင်းကတော့ ရှော်ကေးအသင်းရဲ့အမေရိကန် ကွင်းလယ်ကစားသမားလေး ဝက်စတန်မက်ကင်းကို ခေါ်ယူခဲ့ပြီးနောက်မှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုအဖြစ် မထင်မရှား ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စီးရီးဘီကလပ် မွန်ဆာအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား အန်ဒရေဘရီဟန်တီကို ခေါ်ယူလိုက်ပြီး ဒီကစားသမားကို ဂျုဗင်တပ်စ်စီနီယာအသင်းမှာ သုံးစွဲခြင်းမရှိပဲနဲ့ ဂျုဗင်တပ်စ်အရန်အသင်းဖြစ်တဲ့ ယူ-၂၃အသင်းမှာသာ သုံးစွဲသွားမှာလို့ သိရှိရပါတယ်။

Photo Credit : BeSoccer

အသက်(၃၂)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ဘရီဟန်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ မွန်ဆာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူလိုက်ခြင်း တကယ့်ကို အံ့အားသင့်စရာ ဖြစ်နေရပါတယ်။ ဆွာရက်ဇ် ဂျက်ကိုတို့လို ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ သတင်းထွက်နေတဲ့အချိန် အခုလို စီးရီးဘီက အသက်(၃၀)ကျော် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူခဲ့တာဟာ Shock ဖြစ်စေခဲ့ရပြီး ပိုပြီး Shock ဖြစ်စေရတာက အသက်(၃၂)နှစ်အရွှယ် ဒီတိုက်စစ်မှူးကို ယူ-၂၃အသင်းမှာ အသုံးပြုသွားမှာဆိုတာပါပဲ။

Photo Credit : BeSoccer

ယူ-၂၃အသင်းက အသင်းမှာ လူငယ်ကစားသမားတွေသာမကပဲ အရန်ကစားသမားတွေကို ပါဝင်ကစားနိုင်အောင် ခွင့်ပြုထားတာဖြစ်လို့ ဘရီဟန်တီလို အသက်(၃၀)ကျော် ကစားသမားမျိုးလို ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ယူ-၂၃အသင်းဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေပြိုင်ပွဲအတွင်း ဝင်ရောက်ဆင်နွဲနေရတာဖြစ်ပြီး ဘရီဟန်တီလို ကစားသမားဘဝအတွင်း ဂိုးပေါင်း(၁၀၀)ကျော် သွင်းယူထားခဲ့တဲ့ တိုက်စစ်မှူးကို ခေါ်ယူပြီး စီးရီးဘီဆီ တန်းတတ်ခွင့်ရဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်ယူ-၂၃အသင်းရဲ့ အပြောင်းအရွှေ့အပြီး ဂျုဗင်တပ်စ်စီနီယာအသင်းရဲ့အပြောင်းအရွှေ့ကို ဆက်လက်ဖော်ပြသွားချင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းနဲ့ လတ်တလော သတင်းအထွက်ဆုံးကတော့ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဖြစ်နေပြီိး သဘောတူညီမှုတွေပါ ရယူထားနိုင်ခဲ့တယ်လို့ သတင်းထွက်နေသလို ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက အဲဗာတန်အသင်းဆီကို ရောင်းချထားခဲ့တဲ့ သူတို့အသင်းရဲ့လူငယ်တိုက်စစ်မှူးဟောင်း မွိုက်စ်ကင်းကို ပြန်လည်ခေါ်ယူဖို့အတွက်ကိုလည်း ကွင်းလယ်လူရမ်ဆေးနဲ့ အလဲအထပ်လို့ ပုံစံမျိုးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဟီဂွာအင် ဆန်ဒရို ရူဂါနီ ဘာနာဒက်စကီးနဲ့ ဒူးကလပ်စ်ကော်စတာတို့ကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိလို့နေပါတယ်။