လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ဖွင့်လစ်ချိန်မှာ အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တချို့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိလို့နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ လတ်တလောမှာ တိုက်စစ်ကစားသမားများစွာကို ပစ်မှတ်ထားနေတဲ့အပြင် စီးရီးအေ တိုက်စစ်ကစားသမားဟောင်း မာရိုအီကာဒီကို ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

ဂျုဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချပြီးတဲ့နောက် တိုက်စစ်ပိုင်းအတွက် မွိုက်စ်ကင်းတစ်ဦးတည်းကိုသာ ပြန်လည်အားဖြည့်ထားခဲ့သလို လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း မိုရာတာ မွိုက်ကင်းစ်တို့လိုလောက်သာ အထောင်တိုက်စစ် ကစားသမားတွေအဖြစ် ရှိနေတာဖြစ်လို့ လာမယ့် စျေးကွက်အတွင်း အထောင်တိုက်စစ်မှူး တချို့ကို အားဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒီလို တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ် အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေသလို အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီကာဒီကိုလည်း ဆောင်းစျေးကွက်မှာ ခေါ်ယူချင်နေတယ်လို့ သတင်းထွက်လာခဲ့ရပါတယ်။

Photo Credit : News in 24 English

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပေမယ့်လည်း အင်တာမီလန် ဆမ်ဒိုးရီးယားအသင်းတွေနဲ့ အီတလီစီးရီးအေမှာ (၈)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးသူ ဖြစ်သလို လက်ရှိ ပီအက်စ်ဂျီအသင်းမှာလည်း မက်ဆီ နေမာ ဘာပေတို့ရဲ့နောက်မှသာ ပွဲထွက်ကစားရတာဖြစ်လို့ အီကာဒီကို ဂျုဗင်တပ်စ်အသင်းကနေ စီးရီးအေပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ အီကာဒီကို အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ (၆)လတာ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး အငှားစာချုပ် ပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူနိုင်မယ့် အချက်တစ်ခုကိုပါ ထည့်သွင်းကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရာသီအတွင်း လီဂူးဝမ်း (၁၄)ပွဲအထိ ကစားထားရပေမယ့်လည်း အဲ့ဒီထဲကမှ (၆)ပွဲထဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရသလို ချန်ပီယံလိဂ်မှာလည်း အုပ်စုအတွင်း စုစုပေါင်း(၈)မိနစ်သာ ကစားထားရတာကြောင့် အီကာဒီကိုယ်တိုင်ပါ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဘက်ကနေလည်း ဂျုဗင်တပ်စ် ကွင်းလယ်လူ အာသာမယ်လိုကိုပါ အလိုရှိနေတာကြောင့် ကစားသမား(၂)ဦးကို အလဲအလှယ်ပါ ဖြစ်လာနိုင်ပါတယ်။