အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သလို စီးရီးအေပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ တာစူနေပါတယ်။

Photo Credit: The Sun

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပေမယ့် လတ်တလောမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရှင်းလင်း တိကျတဲ့ အဖြေတခုကို မရသေးပဲ ဂျူဗင်တပ်အသင်း ကတော့ ရိုနယ်ဒိုဟာ အသင်းပြောင်းမယ် ၊ မပြောင်းဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

ဒါပေမယ့် ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ရိုနယ်ဒိုဟာ အသင်းပြောင်းချင်တဲ့ အကြောင်းကို သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်အား ပြောကြားပြီးပြီ ဖြစ်တာကြောင့် ဂျော့မန်ဒက်ဟာ မကြာခင်မှာပဲ ဂျူဗင်တပ်အသင်းနဲ့ တရားဝင် ဆွေးနွေးဖွယ် ရှိကာ ဂျူဗင်တပ်အသင်းကလည်း အသင်းကနေ ရိုနယ်ဒို ထွက်ခွာမယ့် အကြောင်းကို ရိပ်မိထားကြောင်း သိရပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြပြီး ရိုနယ်ဒိုဟာ အသင်းသစ်ကို ပြောင်းရွှေ့ဖြစ်ပါက လက်ရှိ ဂျူဗင်တပ်အသင်းမှာ ရနေတဲ့ လုပ်ခလစာကို လျှော့ယူရဖွယ် ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ရိုနယ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွာခွင့် တောင်းခံလာပါက ထွက်ခွာခွင့်ပေးဖို့ စဉ်းစားထားကာ ရိုနယ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ပေးချေရမယ် လို့ ပြောင်းရွှေ့ကြေးကိုပါ သတ်မှတ်ထားကြောင်း သိရပါတယ်။ ရိုနယ်ဒိုဟာ အသက်အရွယ် ရနေပြီ ဖြစ်သလို ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့အတွက် ဂျူဗင်တပ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ သင့်လျော်တဲ့ ပမာဏ တခု ဖြစ်တယ်လို့ အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။