မန်ချက်စတာ ယူနိုက်တက် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက ဆွေးနွေးမှုများ ပြုလုပ်နေပြီး လာမယ့် (၄၈)နာရီအတွင်း အပြောင်းအရွှေ့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို အဖြေရှာသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ကြား ကနဦး ဆွေးနွေးမှုများမှာ အခြေအနေ ကောင်းမွန်ခဲ့ပြီး အပြောင်းအရွှေ့ပုံစံ နှစ်မျိုးကို ဆွေးနွေးခဲ့ကြပါတယ်။ ပထမတစ်မျိုးမှာ ငွေသားသက်သက်နဲ့ ကမ်းလှမ်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ကစားသမားတစ်ဦး အပါအဝင် အလဲအလှယ် လုပ်သွားမယ့်ပုံစံမျိုး ဖြစ်ပါတယ်။
Photo Credit : Man Utd News
ဆန်ချိုကိုယ်တိုင်ကလည်း စီးရီးအေမှာ ကစားသမားဘဝကို အသစ်တဖန် ပြန်လည်စတင်ဖို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပေမယ့် နှစ်ဖက်အသင်းများက အပြောင်းအရွှေ့အတွက် အခြေခံအားဖြင့် သဘောတူညီမှုရှိနေသည့်တိုင် အဓိက အခက်အခဲကြီးများ အထူးသဖြင့် လစာကိစ္စမှာ ဖြေရှင်းဖို့ ကျန်ရှိနေပါသေးတယ်။ ဆန်ချိုရဲ့ ယူနိုက်တက်မှာ လက်ရှိ ရရှိနေသောလစာက ဂျူဗင်တပ်စ်အသင်း ပေးချေနိုင်တဲ့ ပမာဏထက် များစွာကျော်လွန်နေသည်။
အီတလီမီဒီယာများရဲ့ အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ ဆန်ချိုအတွက် တစ်ပတ်လုပ်ခ ပေါင်(၁၆၀၀၀၀)ဝန်းကျင်သာ အများဆုံး ပေးချေနိုင်မှာ ဖြစ်ပါတယ်။ ဆန်ချိုအနေနဲ့ လစာလျှော့ယူဖို့ သဘောတူနိုင်တယ်လို့ သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီလစာကိစ္စ အဆင်မပြေခဲ့ရင် ကျန်တဲ့ အချက်များလည်း အဆင်ပြေဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ ဆန်ချ်ိုကို ငွေသားနဲ့သာ ရောင်းချလိုနေပြီး ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၅)သန်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ရန်အတွက် ပေါင်(၁၅)သန်းမှ ပေါင်သန်း(၂၀)ကြားနဲ့ပါ လက်ခံဖွယ် ရှိနိုင်တယ်လို့ သုံးသပ်မှုများလည်း ရှိနေပါတယ်။ ပေါင်(၇၃)သန်းနဲ့ ဝယ်ယူခဲ့တဲ့ ကစားသမားတစ်ဦးအတွက် ငွေကြေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပေမယ့်လည်း ဆန်ချိုအတွက် ယူနိုက်တက်ဆီ ပြန်လာဖို့ လမ်းမရှိတော့သည်မှာ သေချာနေပြီ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
ဆန်ချို အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ကစားသမား အလဲအလှယ် ပြုလုပ်နိုင်တဲ့ အလားအလာလည်း ရှိနေပြီး ထည့်သွင်းစဉ်းစားနေတဲ့ ကစားသမားတစ်ဦးမှာ ဒေါက်ဂလပ်စ် လုဇ်ဖြစ်သလို ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် သဘောကျနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လုဇ်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီးသား ကစားသမားတစ်ဦးဖြစ်သောကြောင့် အသင်းအတွက် ချက်ချင်းအကျိုးပြုနိုင်မယ်လို့ ရှုမြင်ခံထားရပါတယ်။ ငွေသုံးစွဲမှု တင်းကျပ်နေချိန်မှာ အရည်အသွေးရှိတဲ့ ကစားသမားနဲ့ အလဲအလှယ်လုပ်ခြင်းက ယူနိုက်တက်အတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အခုအပြောင်းအရွှေ့ကို ယခုအပတ်အတွင်း အပြီးသတ်လိုသောကြောင့် ဆန်ချိုကို ခေါ်ယူခြင်းက လက်တွေ့ကျ မကျကို အမြန်ဆုံး သိရှိဖို့ လိုအပ်နေပါတယ်။ ဆန်ချိုက အခုအပတ် ရာသီကြိုလေ့ကျင့်ခန်းအတွက် ပြန်လည်လာရောက်တဲ့ ယူနိုက်တက်ရဲ့ ပထမအသုတ် ကစားသမားများနဲ့ ပူးပေါင်းမည်မဟုတ်သလို ကလပ်အသင်းကလည်း သူ့ကို အသင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့ အစီအစဉ်မရှိဘဲ သူရဲ့အနာဂတ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့သာ မျှော်လင့်နေပါတယ်။