စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကတော့ သူတို့အသင်းရဲ့ အနာဂတ်အတွက် ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ကြိုးစားတော့မယ် လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဂျူဗင်တပ် အသင်းဟာ လက်ရှိအချိန်မှာ ဒိုင်ဘာလာ ၊ ရိုနယ်ဒို ၊ မိုရာတာ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် အသင်းရဲ့ အနာဂတ်အတွက် ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ မျက်စိကျနေကာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အတွက် ရိုနယ်ဒိုကို ပီအက်စ်ဂျီအသင်းထံ အလိုက်ပေး ကမ်းလှမ်းမယ် လို့ သတင်းတွေက ဆိုပါတယ်။

Photo Credit: Mirror

အသက်၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်အသင်းနဲ့အတူ ဗိုလ်စွဲခဲ့သလို ပြင်သစ်မြေမှာ ရှိတဲ့ ဖလားအားလုံးကိုလည်း သိမ်းပိုက် ရရှိထားသူပါ။ အမ်ဘာပေဟာ သူ့ရဲ့ ကစားသမားဘဝမှာ စုစုပေါင်း ကလပ်အသင်းပွဲစဉ် ၁၈၈ပွဲ ပါဝင် ကစားထားရာမှာ ၁၁၅ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇၂ ကြိမ်လည်း ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းကြီးများစွာ ရှိနေသလို ပီအက်စ်ဂျီအသင်းကလည်း အမ်ဘာပေကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။

 

Photo Credit: Mirror

အီတလီ အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်တဲ့ Tutto Sport သတင်းဌာနရဲ့ အဆိုအရ ဂျူဗင်တပ်အသင်း ဟာ အမ်ဘာပေအတွက် စုစုပေါင်း ယူရို ၃၅ဝသန်း အထိ တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပီအက်စ်ဂျီ အသင်းထံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အဆိုပါ ကမ်းလှမ်းမှုထဲမှာ ပီအက်စ်ဂျီအသင်းက လိုချင်နေတဲ့ ရိုနယ်ဒိုလည်း ပါဝင်နေတယ် လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ယူရို ၁ဝဝသန်း စျေးသတ်မှတ် ထားတာကြောင့် ရိုနယ်ဒို + ယူရို ၂၅ဝသန်းနဲ့ အမ်ဘာပေအတွက် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ အီတလီ ဘောလုံး သုတေသီတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ အမ်ဘာပေကိုသာ ခေါ်ယူနိုင်ခဲ့ပါက အီတလီ စီးရီးအေရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပြီး အမ်ဘာပေကို ခေါ်ယူမယ့် အပြောင်းအရွှေ့ စီမံကိန်းရဲ့ နောက်ကွယ်မှာ နာမည်ကြီး အေးဂျင့်တွေလည်း ပါဝင်နေတယ် လို့ ဆိုထားကြပါတယ်။