အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို ရောင်းချဖြစ်ပါက စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ အထိုင်ကျဖို့ ရုန်းကန်နေရတဲ့ ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကာလရှည် သိမ်းပိုက်နိုင်ခဲ့တဲ့ အီတလီ စီးရီးအေဆုဖလားကို လက်လွှတ်ခဲ့ရပြီးနောက်မှာ အသင်းရဲ့ နည်းပြ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြဟောင်း အယ်လီဂရီနီကို ပြန်လည် ခန့်အပ်ခဲ့တာဟာ ရိုနယ်ဒိုနဲ့ ဂျူဗင်တပ်တို့ရဲ့ လမ်းခွဲကို မြင်ရစေတဲ့ အကြောင်းပြချက် တခုပဲ ဖြစ်ပါတယ်။

 

Photo Credit: Tribuna

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၃၃ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁၀၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်ထားနိုင်ပေမယ့် အယ်လီဂရီနီဟာ ဂျူဗင်တပ် အသင်းမှာ ရိုနယ်ဒို ရှိနေတာကို သဘောမကျကြောင်း တရားဝင် ပြောကြားထားသူပါ။ တဖက်မှာလည်း ရိုနယ်ဒိုဟာ သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ နည်းပြတဦးနဲ့ အလုပ်တွဲလုပ်ဖို့ ဆန္ဒမရှိတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး လာမယ့်ရက်ပိုင်း အတွင်းမှာပဲ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

Photo Credit: Tribuna

ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို အသင်းကနေ ရောင်းထုတ်ပြီးပါက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒိုင်ဘာလာ တဦးထဲသာ ကျန်ရှိတော့တာကြောင့် ထိပ်တန်း တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ကာ ဘာစီလိုနာ အသင်းမှာ ပုံမှန် ခြေစွမ်းကောင်း ထုတ်ပြနိုင်ဖို့ ခက်ခဲနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ဖြစ်ကြောင်း တူရင်မြို့ အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။ အသက် ၃၀အရွယ် ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် စပိန်နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရပါက ဂရစ်ဇ်မန်းကို ရောင်းချနိုင်ကာ ဂရစ်ဇ်မန်းကလည်း ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စား နေကြောင်း သိရပါတယ်။ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကတော့ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။