စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်တို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ တချိန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ထားသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့် ရိုင်းအိုလာက ပေါ့ဘာ အတွက် အသင်းသစ်ကို စတင် ရှာဖွေနေပါတယ်။

Photo Credit: Express

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းဆီ ရောက်ရှိတိုင်း ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေ အနက် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့က ပေါ့ဘာကို ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ တာဝန်ရှိသူတွေက ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ ချိတ်ဆက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကလည်း ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပေါ့ဘာကတော့ အသင်းဟောင်း ဂျူဗင်တပ်နဲ့ သူ့ရဲ့ အိမ်မက်အသင်း ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းအနက် တသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Express

ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေတာကြောင့် သူတို့ဟာ ပေါ့ဘာကို စာချုပ်လက်မှတ်ထိုးကြေး အဖြစ် ယူရို ၂၀သန်းကျော် ပေးချေရဖို့ ရှိနေသလို လုပ်ခလစာကလည်း ယူရို ၄သိန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေကပါ ဖော်ပြနေကြပါတယ်။