ဂျုဗင်တပ်စ်အသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ စီးရီးအေချန်ပီယံဆုကို အရယူပေးသွားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို အသင်းကနေ ရောင်းချသွားဖို့အထိ အ့ံအားသင့်ဖွယ် ပြင်ဆင်လာခဲ့ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာလောက် ရရှိမယ်ဆိုရင် ရောင်းချသွားဖွယ်ရှိနေကာ လက်ရှိမှာလည်း ဒီဘားလားကို မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့သူဖြစ်ပြီး သူ့ကိုလည်း အသင်းကနေ စာချုပ်သစ်ကမ်းလှမ်းလာဖို့ ပြင်ဆင်လာခဲ့ပေမယ့် နည်းပြသစ်ပီယာလိုက ရော်နယ်ဒိုနဲ့ ဒီဘားလားရဲ့အတွဲအဖက်ထက် ရော်နယ်ဒိုနဲ့ သူရဲ့ရီးရဲလ်အသင်းဖော်ဟောင်း အစ္စကိုတို့ကို တွဲဖက်ချင်တာကြောင့် ဒီးဘားလားကိုရောင်းပြီး အစ္စကိုကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : AS English

ဒီဘားလားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၇)ဂိုး ရယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကိုလည်း (၁၄)ကြိမ်အထိတောင် လုပ်ဆောင်ထားခဲ့သူဖြစ်တဲ့အပြင် အသင်းနဲ့ကလည်း ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် နည်းပြသစ်ပီယာလိုကတော့ အသင်းရဲ့တိုက်စစ်မှာ ရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အစ္စကိုနဲ့ အဆန်စီယိုတို့ကို ခေါ်ယူအားဖြည့်ချင်နေသလို ကွင်းလယ်မှာလည်း သူရဲ့ဂျုဗင်တပ်စ်အသင်းဖော်ဖြစ်တဲ့ ပေါလ်ပေါ့ဘာကိုပါ ပြန်လည်ခေါ်ဆောင်သွားချင်နေတဲ့အတွက် ဒီဘားလားကို ရောင်းချပြီး အသုံးစရိတ်ကို ရှာဖွေချင်နေတာဖြစ်ပါတယ်။ လတ်တလောမှာကလည်း ဒီဘားလားကို ဂွာဒီယိုလာရဲ့မန်စီးတီးနဲ့ ဇီဒန်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့က အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး ရီးရဲလ်ကတော့ အသင်းကနေ အစ္စကိုကို ရောင်းချသွားဖို့ အစီအစဉ်ရှိနေတဲ့အတွက် ဒီဘားလားကို ခေါ်ယူရမှာ အစ္စကိုနဲ့ အလိုက်ပေးကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကလည်း ဒီဘားလားကို ခေါ်ယူဖို့ အမှန်အကန်စိတ်ဝင်စားလို့နေပြီး ဂျုဗင်တပ်စ်ဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ကမ်းလှမ်းလာဖွယ်ရှိပါတယ်။