အီတလီ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အာရွန်ရမ်ဆေးကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ် ရှိလို့နေပြီး ကစားသမားဘက်ကသာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆန္ဒရှိမယ်ဆိုရင် စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Mad About EPL

အသက်(၃၀)အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးအထိ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၉ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းခဲ့စဉ်အတွင်း နည်းပြ(၃)ဦးနဲ့ လက်တွဲခဲ့ရပြီး ဆာရီ ပီယာလိုတို့ နည်းပြတွေလက်အောက်မှာ ပွဲကစားခွင့်က တစ်ရာသီအတွင်း ပွဲ(၃၀)နီးပါးလောက် ရှိခဲ့ရပေမယ့်လည်း လက်ရှိအသင်းနည်းပြ အယ်လီဂရီရဲ့ လက်အောက်မှာတော့ စီးရီးအေအဖွင့်ပွဲမှာသာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ပွဲတွေမှာတော့ လုံးဝ ပါဝင်မကစားခဲ့ရသလို မိနစ်အနည်းငယ်လေးသာ ပါဝင်ရတာမျိုး ဖြစ်နေရတာကြောင့် ဒီအခြေအနေကို ကစားသမားဘက်ကလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : Daily Advent

အာဆင်နယ်အသင်းမှာ ရှိစဉ်အခါတုန်းက အက်အေဖလား (၃)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း သွင်းဂိုးစုစုပေါင်း (၆၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆၅)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ဖူးတဲ့ ရမ်ဆေးဟာ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ကြွယ်ဝလို့နေတဲ့ ကစားသမားမျိုးကို ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ ဝက်စ်ဟမ်း အဲဗာတန် နယူးကာဆဲလ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။ ရမ်ဆေးနဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ်အထိ ရှိနေတယ် ဆိုပေမယ့်လည်း အယ်လီဂရီလက်အောက်မှာ ပွဲကစားခွင့်ရဖို့ မလွယ်ကူတော့တာကြောင့် ကစားသမားဘက်ကနေသာ သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဆီ ပြန်သွားဖို့ ဆန္ဒရှိမယ်ဆိုရင် ဂျုဗင်တပ်စ်အသင်းဘက်က ရမ်ဆေးကို အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် ရှိနေသလို ကစားသမားသစ် ခေါ်ယူမှုမှာလည်း အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။